Healthy Life Ad
Health Tips

အစာစားတိုင်း သွားကြားညပ်နေလျှင်

၊ ငွေကြယ်စင်ယံ ၊

အစာစားတိုင်း သွားကြားညပ်တာက သွားအနေအထားကြောင့်လည်း ဖြစ်တတ်သလို အသက်အရွယ်ကြီးလာလို့လည်းဖြစ်နိုင်ပါတယ်။ သွားကြားညပ်ရတဲ့အကြောင်းရင်းဟာ အမျှင်ပါတဲ့ အစားအစာ၊ အသားတွေကို စားတာနဲ့ သွားကမကျဲတကျဲ အနေအထားဖြစ်နေတာကြောင့် ဖြစ်တတ်ပါတယ်။

သွားကြားညပ်ခြင်း ကင်းစေရန်
စားထားတဲ့ အစာတွေက သွားထဲမှာ ညပ်နေတတ်ပါတယ်။ ဒီတော့ စားကြင်းစားကျန် မကျန်အောင် သွားတိုက်တာ၊ ပလုတ်ကျင်းတာ၊ သွားကြားထိုးကြိုးသုံးတာ၊ သွားတိုက်တဲ့အခါ သွားတိုက်နည်းစနစ်မှန်တာ၊ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့တိုက်တာ၊ မာတဲ့ အစားအစာကို တတ်နိုင်သမျှရှောင်တာ၊ အချဉ်စားပြီးတိုင်း ပလုတ်ကျင်းတာ၊ နုတ်ထားတဲ့သွားရှိရင်လည်း ပြန်လည်အစားထိုးပြုပြင်တာနဲ့ ချိုပြီးစေးကပ်တဲ့ အစားအစာကို ကြိမ်ဖန်များစွာ မစားတာစတဲ့ အချက်တွေကို လိုက်နာရပါမယ်။

သွားကြားထိုးတံဖြင့် သွားကြားထိုးလျှင်
သွားကြားညပ်တဲ့အကြောင်းက သွားနှစ်ချောင်းက မကျဲတကျဲဖြစ်နေလို့ ညပ်တာပါ။ သွားက လုံးဝစိနေရင် အစာမညပ်နိုင်ပါဘူး။ သွားက မကျဲတကျဲ အနေအထားရှိရင်၊ စားတဲ့အစားအစာက မကျက်တကျက်ဖြစ်ရင်၊ အသီးအရွက်တွေ စားရင် သွားကြားညပ်တတ်ပါတယ်။ သွားကြားညပ်တဲ့အခါ လူတွေက သွားကြားထိုးတတ်ပါတယ်။ သွားကြားထိုးတဲ့အခါ အခန့်မသင့်ရင် သွားကြားထိုးတံက သွားထဲ ကျိုးကျန်ခဲ့ပါက ရောဂါပိုးဝင်တတ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာသွားကြားညပ်တဲ့ ပြဿနာကို သွားကြားပွတ်ကြိုး (Dental Folss)နဲ့ ဖြေရှင်းလို့ရပါတယ်။

သွားကြားရှိ စားကြွင်းစားကျန်များ ဖယ်ရှားနည်း
သွားကြားတွေမှာ ကပ်ငြိနေတဲ့စားကြွင်းစားကျန်တွေကို မဖယ်ရှားရင်တော့ စားကြွင်းစားကျန်က အချဉ်ပေါက်ပြီး အက်စစ်ဖြစ်လာပါတယ်။ အဲဒီအက်စစ်ကနေ သွားမျက်နှာပြင်တွေစားပြီး သွားပိုးစားရောဂါဖြစ်လာပါတယ်။ ဒီသွားပိုးစားရောဂါကို မကုသရင်တော့ သွားကိုက်၊ သွားနာတာ၊ အစာစားလို့မရတာ၊ သွားဖုံးရောင်တာ၊ မျက်နှာ မေးရိုးရောင်တာ၊ ပါးစပ်ဟမရတာ၊ အိပ်လို့ မရတာ၊ အဖျားတွေဝင်လာတာဖြစ်လာပြီး နောက်ဆုံး အဆင့်မှာတော့ သွားနုတ်လိုက်ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top