Healthy Life Ad
Health Tips

ဗိုက်ပူခြင်းအကြောင်း သိကောင်းစရာ

၊ ငွေကြယ်စင်ယံ ၊

ဗိုက်ပူတာက ကြည့်ရတာ ရယ်စရာကောင်းရုံ သက်သက်တင်မကပါဘူး။ ဗိုက်ပူတာကြောင့် အမျိုးသားတွေမှာ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူရတဲ့အကြောင်းရင်းကိုရှာဖွေပြီး ဗိုက်ပူတာ လျော့ကျစေမယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

ဗိုက်ပူခြင်းနှင့် နောက်ဆက်တွဲ ပြဿနာ
ဗိုက်မှာ အဆီများတဲ့သူတွေဟာ ခန္ဓာကိုယ်က အလေးချိန်နဲ့မသက်ဆိုင်ဘဲ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ တချို့ကင်ဆာရောဂါတွေ၊ အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါ၊ သွေးတွင်း မကောင်းတဲ့ ထရိုင်ဂလစ်စရိုက်အဆီများတာ၊ ကောင်းတဲ့ ကိုလက်စထရောနည်းပါးတာ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေနဲ့ Metabolic Syndrome ဖြစ်စေနိုင်ပါတယ်။

ဗိုက်ပူနေသလား
ခါးအရွယ်အစားဟာ သင်ဗိုက်ပူနေသလား၊ ပုံမှန်ပဲလားဆိုတာကို သိနိုင်တဲ့အကောင်းဆုံး ခန့်မှန်းချက်ပါ။ နိုင်ငံတကာစံချိန်အရ အမျိုးသားတွေမှာ ခါးအရွယ်အစား ၄၀ လက်မကျော်ရင် ၊ အမျိုးသမီးတွေက ခါးအရွယ်အစား ၃၅လက်မကျော်ရင် နှလုံးရောဂါနဲ့ တခြားရောဂါတွေဖြစ်နိုင်ခြေ မြင့်တက်နေတယ်လို့ ဆိုထားပါတယ်။ ခါးအရွယ်အစားကိုတိုင်းတဲ့အခါမှာ ဗိုက်ကို ရှပ်မထားပါနဲ့။

အသက်ကြီးခြင်းနှင့် ဗိုက်ပူခြင်း
အသက်ကြီးလာတဲ့အခါမှာ ကြွက်သားထုထည်က ဆုံးရှုံးလာတာကြောင့် ခန္ဓာကိုယ်ကနေ ကယ်လိုရီ လောင်ကျွမ်းမှုနှုန်းကို နှေးကွေးလာစေပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ ကယ်လိုရီစားသုံးမှုကို ထိန်းချုပ်မှုမရှိရင် ဒါမှမဟုတ် လေ့ကျင့်ခန်းမလုပ်ရင် ကိုယ်အလေးချိန်ဟာ အလွယ်တကူ တက်လာပါလိမ့်မယ်။

ဗိုက်ပူခြင်းနှင့် မျိုးရိုးဗီဇ
သင်ဟာ အဝလွန်နေသလား၊ ကိုယ်အလေးချိန်က ပုံမှန်ထက်များနေသလားဆိုတာက မျိုးရိုးဗီဇနဲ့ ဆက်စပ်မှု ရှိပါတယ်။ အမျိုးသားတွေရဲ့ဗိုက်မှာ အဆီပိုတွေရှိတာကတော့ မျိုးရိုးဗီဇထက်ဘဝနေထိုင်စားသောက်မှုပုံစံ နဲ့ပိုမိုဆက်စပ်မှုရှိနေပါတယ်။

ဘီယာဗိုက်
အယ်လ်ကိုဟောကို ပုံမှန်ထက်ပိုသောက်ရင် ဗိုက်ပူလာနိုင်တာကြောင့် ဘီယာဗိုက်လို့ခေါ်ပါတယ်။ အယ်လ်ကိုဟောကို များများသောက်တာဟာ ဗိုက်ပူစေနိုင်တာကြောင့် အရက်ကို မသောက်ရမနေနိုင်ရင် အသင့်အတင့်ပမာဏကိုပဲ သောက်ပေးပါ။

ဗိုက်ပူခြင်း လျော့ပါးအောင်
ဗိုက်ပူတာ လျော့ပါးစေဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။
ကယ်လိုရီလျှော့ချပါ – စားတဲ့ အစားအစာပမာဏကို လျှော့ချပါ။ ကယ်လိုရီနည်းတဲ့ အစားအသောက်တွေနဲ့ အစားထိုးပြီး ဗိုက်ပြည့်အောင် ကြိုးစားပါ။
လေ့ကျင့်ခန်းကို တိုးလုပ်ပါ – အသက်ကြီးလာလေလေ၊ များများထိုင်တာမျိုးရှောင်ပြီး လှုပ်ရှားမှုကိုတိုးလုပ်သင့်လေလေပါပဲ။ ညစာစားပြီးတာနဲ့ ကလေးတွေနဲ့အတူ လမ်းလျှောက်တာမျိုး လုပ်ဆောင်ပေးပါ။

ထိုင်-ထလေ့ကျင့်ခန်းလုပ်ပါ – ထိုင်ထလေ့ကျင့်ခန်းလုပ်တာဟာ ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းလာစေပြီး အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းတစ်မျိုးတည်းနဲ့တော့ ဗိုက်ပူတာ လျော့ကျဖို့မလွယ်ပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တာနဲ့အတူ အစားအသောက်ကို ထိန်းချုပ်စားသောက်ပြီး အယ်လ်ကိုဟောပါတဲ့ အရည်တွေကို ရှောင်ရှားဖို့လိုပါတယ်။
ဗိုက်အဆီလျော့ကျလာတာနဲ့အမျှ သင်ဟာ အရင်ထက်ပိုပြီးနေလို့ ကောင်းလာပြီး နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်တွေကလည်း လျော့ပါးသွားမှာ ဖြစ်ပါတယ် ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top