Healthy Life Ad
Q & A

၀တဲ့သူတွေ သွယ်လျအောင်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

မေး ။ ဝတဲ့သူတွေ သွယ်လျအောင် ဘယ်လိုစားသောက် နေထိုင်သင့်ပါသလဲ။

ဖြေ ။ ကိုယ်အလေးချိန်များပြီး ဝတဲ့သူတွေ ခန္ဓာကိုယ် သွယ်လျချင်တယ်ဆိုတဲ့ အထဲမှာ တချို့လူတွေက ကဖင်းဓာတ်များတဲ့ အဆီကျကော်ဖီကို တအား သောက်ကြတာကို တွေ့ရပါတယ်။ ဒါက မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒီအထဲမှာ ဆီးဆေးတွေ ပါတော့ ဆီးအများကြီးသွားအောင် လုပ်ထားပါတယ်။ ဒါကြောင့် မကြာခင်အတွင်း ပိန်သွားပေမယ့် ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိပါတယ်။
တကယ်တော့ ကိုယ်အလေးချိန်များသူတွေက ပိန်အောင်လုပ်ချင်တယ်ဆိုရင် ကယ်လိုရီကို လျှော့ချဖို့က ပိုအရေးကြီးပါတယ်။ ဝတဲ့သူတွေ ပိန်သွားအောင် ကယ်လိုရီနည်းတဲ့ အစာတွေကို ရွေးချယ်စားသင့်ပါတယ်။ ကယ်လိုရီများတဲ့ အစားအသောက် တွေဖြစ်တဲ့ ထမင်း၊ အာလူး၊ ပြောင်းဖူးစတာတွေကို လျှော့စားပေးသင့် ပါတယ်။

အဆီတွေ၊ အထူးသဖြင့် ပြည့်ဝဆီ၊ အသွင် ပြောင်းဆီ(Trans Fat)များတဲ့ အစာတွေကို လျှော့စားသင့်ပါတယ်။ အထူးသဖြင့် အာလူးကြော်၊ ဗယာ ကြော်၊ ဘူးသီးကြော်၊ ဟင်းအနှစ် စတာတွေကို လျှော့စားဖို့ လိုပါတယ်။ ဝက်ဆီ၊ တိရစ္ဆာန်အရေခွံ (ဥပမာ ကြက်အရေခွံ၊ ဘဲအရေခွံ) စတာတွေကို ရှောင်သင့်ပါတယ်။

ခန္ဓာကိုယ်သွယ်လျချင်တယ်ဆိုရင်
နံပါတ် (၁) ကယ်လိုရီများတဲ့ အစားအသောက်တွေ လျှော့ရမယ်။
နံပါတ် (၂) အဆီများတဲ့ အစားအသောက်တွေကို လျှော့ရမယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ဖြစ်တဲ့ အသီးအရွက်များများ စားတာ၊ အရွက်သုပ်များများ စားတာ၊ အသီးအနှံတွေ စားတာ၊ ဟင်း ချိုရည်သောက်တာ၊ ရေကို တစ်နေ့ အနည်းဆုံး နှစ်လီတာသောက်တာ တို့ကို လိုက်နာပေးရပါမယ်။ ဒီလို မျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ကို ပုံမှန်စားသွားမယ် ဆိုရင် ဝနေတဲ့ ခန္ဓာကိုယ်က ပိန်သွားမှာပါ။
ဒီလို အစားအသောက် စားရင်းနဲ့ပဲ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။ လူတစ်ယောက်က သီးသန့် လေ့ကျင့်ခန်း မလုပ်နိုင်ရင် လမ်းမှန်မှန်လျှောက် ပေးရပါမယ်။ မနက်နာရီဝက်လျှောက်မလား၊ ညနေ နာရီဝက်လျှောက်မလား၊ ပြီးတော့ အစာစားပြီးတိုင်း၊ မနက်စာ၊ နေ့လယ်စာနဲ့ညစာစားပြီးတိုင်း ၁၀ မိနစ်စီ လမ်းလျှောက်မယ်ဆိုရင် တစ်နေ့ကိုအနည်းဆုံးတစ်နာရီ လမ်းလျှောက်ပြီးသားဖြစ်သွားပါတယ်။ ဒါဆိုရင် ခန္ဓာကိုယ်က ကျန်းမာရေးနဲ့ညီညွတ်ပြီး သွယ်လျနေမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top