Healthy Life Ad
Life Style

ရုံးခန်းမှာ အအေးမိဝေဒနာ မရရှိရလေအောင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လုပ်ငန်းခွင်ဝန်းကျင်ရှိ အသုံးအဆောင်တွေမှာ ကူးစက်ပိုး ၈၀ ရာခိုင်နှုန်းကပ်ငြိနေတတ်တာကြောင့် အဲဒီအသုံးအဆောင်တွေကို ထိတွေ့ကိုင်တွယ်မိရာက အအေးမိဖျားနာဝေဒနာတွေ ကူးစက်ခံစားရတတ်ပါတယ်။ Gerba ရဲ့ လေ့လာမှုအရ လုပ်ငန်းခွင်မှာ ပိုးမွှားအကပ်ငြိနိုင်ဆုံး အသုံးအဆောင်ငါးမျိုးကို အောက်ပါအတိုင်းဖော်ပြခဲ့ပါတယ်။

(၁) ရုံးဖုန်း

(၂) ကွန်ပျူတာ

(၃) ကွန်ပျူတာကီးဘုတ်

(၄) မိုက်ခရိုဝေ့ဖ်တံခါး

(၅) ရေဘုံပိုင်ခေါင်း၊ ရေသန့်ဘူးနှုတ်သီး

လုပ်ငန်းခွင်က ဖုန်းနဲ့ကွန်ပျူတာတို့ဟာ ရုံးသုံးအိမ်သာထက် ပိုပြီး ပိုးမွှားတွေကပ်ငြိနေတာကို လူအများစုက အံ့အားသင့်ခဲ့ပါတယ်။ အကြောင်းကတော့ ဖုန်းနဲ့ကွန်ပျူတာတွေကို သန့်ရှင်းရေးပုံမှန် လုပ်ဆောင်မှုမရှိလို့ပါ။ အများသုံးဘောပင်လို လူအများထိတွေ့ကိုင်တွယ်တဲ့ အသုံးအဆောင်တွေမှာလည်း ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေတာကို တွေ့ရပါတယ်။

Tip (1) လေ့လာမှုတွေအရ ဖုန်း၊ ကီးဘုတ်နဲ့ ကွန်ပျူတာတွေကို တစ်နေ့တစ်ကြိမ် ပိုးသတ်ပေးတာဟာ ပိုးမွှား ၉၉ ရာခိုင်နှုန်းကို သေစေနိုင်တယ်လို့သိရပါတယ်။ သင့်လုပ်ငန်းခွင် ဒါမှမဟုတ် အများသုံးဖုန်းတွေကို သူများနဲ့ မျှဝေသုံးနေရရင် ပိုးသတ်ပေးနိုင်တဲ့ လက်သုတ်ဝတ်နဲ့ မကြာခဏ သုတ်ပေးဖို့လိုပါတယ်။

Tip (2) အအေးမိဗိုင်းရပ်စ်ပိုး ကူးစက်မခံရအောင် သင့်အလုပ်ခွင်နေရာကို သန့်ရှင်းရေးလုပ်ပေးဖို့လိုတဲ့အပြင် အအေးမိဖျားနာနေသူနဲ့ ဝေးဝေးမှာနေရပါမယ်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တစ်ရှူးနဲ့အုပ်ပါ။

Tip (3) ရေမလိုဘဲဆေးလို့ရတဲ့ လက်ဆေးဆပ်ပြာကို ဆောင်ထားပါ။ လက်ဆေးတာက သင့်ကိုကျန်းမာစေပြီး သင်လုပ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ရပ်ပါ။ ဒါကြောင့် ရေဘုံပိုင်ဆီသွားပြီး မကြာခဏ လက်ဆေးဖို့အချိန်မရတဲ့အခါ အဆင်သင့်ဆေးနိုင်အောင် အယ်လ်ကိုဟော အခြေခံလက်ဆေးဆပ်ပြာရည်ကို ဆောင်ထားသင့်ပါတယ်။

Tip (4) မဆေးရသေးတဲ့လက်နဲ့ မျက်နှာကိုမထိပါနဲ့။ ပျမ်းမျှအားဖြင့် အရွယ်ရောက်သူတွေမှာ အချိန်ငါးမိနစ်ကြာတိုင်း သူတို့မျက်နှာကို ၁-၃ကြိမ်ခန့် ထိတွေ့လေ့ရှိကြပါတယ်။ သင့်မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေကို လက်နဲ့ထိတွေ့တဲ့အခါတိုင်း သင့်ခန္ဓာကိုယ်ထဲ ပိုးမွှားတွေ ဝင်ရောက်နေနိုင်ပါတယ်။

Tip (5) အရေးပေါ် ဆေးသေတ္တာဆောင်ထားပါ။ အဲဒီဆေးသေတ္တာထဲမှာ သင့်ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမယ့် ဗီတာမင်စီ၊ ဇင့်(သွပ်)ပါတဲ့ ငုံဆေး စတာတွေအပြင် အအေးမိဝေဒနာသက်သာစေမယ့် ဆေးဝါးတွေကိုလည်း ထည့်ထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top