Healthy Life Ad
Life Style

အိမ်ထောင်ရှင်အမျိုးသမီးတို့အတွက် အိမ်ထောင်မှုသုခ ယုတ်လျော့စေသော အရာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အိမ်ထောင်သည်တွေရဲ့အိမ်ထောင်မှုသုခကို အဟန့်အတားဖြစ်စေတဲ့ အရာတွေထဲမှာ အောက်ပါအချက်တွေလည်း ပါဝင်နေပါတယ်။

စိတ်ကျကုသဆေးရေရှည်မှီဝဲရခြင်း
စိတ်ကျရောဂါကုသရာမှာသုံးတဲ့ ဆေးဝါးတွေက စိတ်ခံစားမှုကို ကောင်းမွန်စေပေမယ့် လိင်ဆန္ဒကိုတော့ ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ စိတ်ကျကုသဆေးတွေဟာ တက်စတိုစတီ ရုန်းဟော်မုန်းအဆင့်ကို လျော့ကျစေပြီး သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ စိတ်ကျကုသဆေးကို မှီဝဲနေရတဲ့ အမျိုးသမီးတွေအနေနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အိမ်ထောင် ရေးသုခရရှိစေတယ်လို့ သိရပါတယ်။

ဓာတ်မတည့်မှု ပျောက်ဆေး ကြာရှည် သောက်သုံးခြင်း
ဓာတ်မတည့်မှု သက်သာစေတဲ့ ဟစ္စတမင်း တားဆေးဝါးတွေဟာ နှာခေါင်းလမ်းကြောင်းကို ခြောက်သွေ့စေသလို မိန်းမကိုယ်လမ်းကြောင်းကိုလည်း ခြောက်သွေ့စေနိုင်တာကြောင့် အိမ်ထောင်မှုသုခ လျော့နည်းရတတ်ပါတယ်။ ဓာတ်မတည့်မှု ပျောက်ဆေးအများစုမှာပါတဲ့ သွေးကြောကျဉ်းစေတဲ့ ဓာတ်တွေက ခန္ဓာကိုယ်အောက်ပိုင်းဆီကို သွေးစီးဆင်းမှု လျော့ကျစေပါတယ်။

သွေးတွင်းကိုလက်စထရော မြင့်တက်ခြင်း
လေ့လာမှုတစ်ရပ်အရ သွေးတွင်းက လက်စထရောအဆင့်များလွန်းတဲ့ အမျိုးသမီးတွေဟာကို လက်စထရော ပုံမှန်ပဲ ရှိသူတွေထက် အိမ်ထောင်မှု သုခရရှိနိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။ ကိုလက်စထရောဟာ သွေးလွှတ်ကြောနံရံတွေမှာ စုပုံကာ တင်ပဆုံကွင်းဆီကို သွေးစီးဆင်းရောက်ရှိမှု လျော့နည်းလို့ ဖြစ်ရတာပါ။

အရက်အလွန်အမင်းသောက်ခြင်း
အရက်ကို အလွန်အမင်းသောက်တာကြောင့် အသည်းထိခိုက်ကာ အီစထရိုဂျင်အဆင့်မြင့်တက်ပြီး တက်စတိုစတီရုန်းအဆင့် လျော့ကျတာကြောင့် အိမ်ထောင်ရေးအခြေအနေ ထိခိုက်ရတတ်ပါတယ်။

သိုင်းရွိုက်ပြဿနာများ
ကိုယ်အလေးချိန် မြင့်တက်တာ ဒါမှမဟုတ် စိတ်ဆိုးမာန်ဆိုး ဖြစ်လွယ်တာတို့ ဖြစ်နေပါသလား။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းကို အလုံအလောက် မထုတ်နိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့စွမ်းအင်စနစ်က ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲဒီအခါ လိင်စိတ်လျော့နည်းတာအပြင် မျိုးအောင်နိုင်စွမ်းကျဆင်းတာကိုပါ ဖြစ်စေနိုင်ပါတယ်။

အိပ်ရေးပျက်ခြင်း
ပင်ပန်းကာ ညတိုင်း အိပ်ရေးပျက်တာကြောင့်လည်း ဟော်မုန်း ကမောက်ကမဖြစ်ပြီး လိင်စိတ် လျော့နည်းရတတ်ပါတယ်။

သွေးအားနည်းခြင်း
သွေးအားနည်းတာကြောင့် အရေပြား ဖြူဖျော့နေရုံသာမက လိင်စိတ်ဆန္ဒကိုလည်း လျော့ကျစေပါတယ်။ သွေးအားနည်းတဲ့အခါ သွေးတွေက သွေးနီဥဆီအလုံအလောက် မရောက်ရှိတော့တဲ့အတွက် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်ရောက်ရှိနှုန်း လျော့ကျသွားပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top