Healthy Life Ad
Life Style

ဆံကေသာ၏ ကောင်းခြင်းနှင့် ပြည့်စုံအောင်

၊ လရိပ်မေ ၊

တိုတဲ့ဆံပင်၊ ရှည်တဲ့ဆံပင်၊ ကောက်တဲ့ဆံပင်၊ ဖြောင့်တဲ့ဆံပင် .. ဘယ်လိုဆံပင်ပုံပဲရှိရှိ ဆံပင်သားအမျိုးအစားအလိုက် ထိန်းသိမ်းဖို့လိုပါတယ်။ ကောင်းမွန်တဲ့အာဟာရ၊ ဦးရေပြားကို နှိပ်နယ်ပေးတာ၊ ဆေးလိပ်ငွေ့ရှောင်ရှားတာနဲ့ တခြားကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေဟာ ဦးရေပြားကို ကျန်းမာစေသလို ဆံပင်သားကို တောက်ပကြည့်ကောင်းစေပါတယ်။

– သင့်ဆံပင်သားက ခြောက်သွေ့နေလျှင်

နေ့စဉ်ခေါင်းမလျှော်ပါနဲ့။ ခေါင်းလျှော်မယ်ဆိုရင် အစိုဓာတ်ထိန်းနိုင်တဲ့ ရှမ်ပူမျိုးကို ရွေးသုံးသင့်ပါတယ်။

– သင့်ဆံပင်သားက အဆီပြန်နေလျှင်

သင့်ဆံပင်က အဆီပြန်နေရင် နေ့စဉ်ခေါင်းလျှော်သင့်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့ဆံပင်သားအတွက် သီးသန့်ထုတ်ထားတဲ့ ရှမ်ပူမျိုးကိုရွေးသုံးပါ။ အဆီဓာတ်ပါတဲ့ ဆံပင်လိမ်းပစ္စည်းကို ရှောင်သင့်ပါတယ်။

– သင့်ဆံပင်သားက ဗောက်ထနေလျှင်

ဦးခေါင်းမှာ ဗောက်ထနေရင် ဗောက်ပျောက်စေမယ့် ရှမ်ပူမျိုးရွေးသုံးပါ။ တကယ်လို့ ဗောက်မပျောက်ရင် ပိုပြီးထိရောက်မှုရှိစေမယ့် ခေါင်းလျှော်ရည်အမျိုးအစားကို ရွေးသုံးနိုင်ဖို့ အရေပြားအထူးကုဆရာဝန်ကို မေးမြန်းပါ။

– သင့်ဆံပင်ကို အရောင်ဆိုးမည်ဆိုလျှင်

အရင်ဆုံး ဆံပင်ဆိုးဆေးဘူးမှာပါတဲ့ အညွှန်းကိုသေချာဖတ်ပါ။ အထူးသဖြင့် သတိပေးချက်ကို စနစ်တကျဖတ်ပြီး လိုက်နာဖို့လိုပါတယ်။ ဆံပင်အရောင်မဆိုးခင် ဆံပင်ဆိုးဆေးနဲ့တည့်၊ မတည့်သိအောင်အရင်စမ်းသပ်ပါ။ ဆံပင်ဆိုးဆေးတစ်စက်ကို သင့်လက်တံတောင်ရဲ့ အတွင်းဘက်အရေပြား ဒါမှမဟုတ် နားနောက်ကို တို့ကြည့်ပါ။ နှစ်ရက်လောက်ထားကြည့်လို့ နီမြန်းတာ၊ ယားတာ၊ အဖုပေါက်တာတို့မဖြစ်မှ ဆံပင်အရောင်ဆိုးပါ။ တကယ်လို့ ဓာတ်မတည့်တဲ့ လက္ခဏာတွေပေါ်လာရင် ဆံပင်ဆိုးဆေးကို မဆိုးပါနဲ့။

– သင့်ဆံပင်ကို ဖြောင့်စေလိုလျှင်

ဆံပင်ဖြောင့်လိုတယ်ဆိုရင် ခေါင်းလျှော်ရည်ကို ဖြောင့်ဆေးပါတဲ့ အမျိုးအစားရွေးသုံးသင့်ပါတယ်။ ပြီးရင် ကွန်ဒီရှင်နာသုံးကာ ရေဆေးချလိုက်ပါ။ ခေါင်းလျှော်ထားကာစဆံပင်ကို ဘီးကုပ်ကုပ်တာ၊ စည်းနှောင်ထားတာမျိုး မလုပ်ပါနဲ့။

– သင့်ဆံပင်သားကို လေမှုတ်စက်၊ ကောက်စက်နှင့် ဓာတုပစ္စည်းများသုံးပြီး ပြုပြင်လေ့ရှိလျှင်

ဆံပင်အခြောက်ခံစက်၊ ကောက်စက်နဲ့ ဆံပင်လိမ်း ဓာတုပစ္စည်းတွေကို အလွန်အမင်းမသုံးပါနဲ့။ ဒါတွေကဆံပင်ကို ကြမ်းတမ်းတာနဲ့ ပြတ်တောက်တာတို့ဖြစ်စေနိုင်ပါတယ်။ နေ့စဉ် အသုံးပြုတာမျိုးကိုရှောင်ပါ။

– ရေကူးခြင်းကြောင့်ဆံပင်သားမထိခိုက်စေဖို့

ရေကူးကန်ထဲမှာခတ်ထားတဲ့ ကလိုရင်းဓာတ်ဟာ ဆံပင်သားကိုထိခိုက်စေနိုင်ပါတယ်။ ဆံပင်သားကို ကလိုရင်းကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ခေါင်းစွပ်စွပ်ပြီးရေကူးပါ။ ဒါမှမဟုတ် ရေကူးပြီးချိန်မှာ ဆံပင်သားကို ရေနဲ့ချက်ချင်းဆေးချလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top