Healthy Life Ad
Life Style

အမျိုးသားများအတွက် ဆံကေသာထိန်းသိမ်းနည်း လမ်းညွှန်

ယဘုယျအားဖြင့် အမျိုးသားအများစုရဲ ့ ဆံပင်သားဟာ အမျိုးသမီးတွေနဲ့ယှဉ်ရင် မာပြီး ကြမ်းနေတတ်ပါတယ်။ ဆံပင်သားရဲ ့ သန်စွမ်းမှု၊ ဆွဲဆန့်နိုင်စွမ်းရှိမှုနဲ့ တောက်ပမှုတို့ရရှိအောင် ထိန်းသိမ်းပြုပြင်ပေးမယ်ဆိုရင် ဆံပင်သားဟာ သန်စွမ်းတောက်ပပြီး ပုံကျလှပနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း ထိန်းသိမ်းသင့်တဲ့ ဆံကေသာထိန်းသိမ်းရေး နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခြောက်အောင်သုတ်ပါ

ခေါင်းလျှော်ပြီးတဲ့အခါမှာ ဆံပင်ကို တဘက်နဲ့ ခပ်ကြမ်းကြမ်းသုတ်တာက ဆံပင်သားကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်သားဟာ စိုစွတ်နေချိန်မှာ ထိခိုက်ပျက်စီးနိုင်ခြေ အများဆုံးအချိန်ပါ။ ဆံပင်က စိုနေချိန်မှာ တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း သုတ်တာကြောင့် အဖျားနှစ်ခွကွဲတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်ကြမ်းတမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆံပင်ကို လေပူစက်နဲ့ မှုတ်တာကလည်း ဆံပင်သားကိုသာမက ဦးရေပြားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးချိန်မှာ တဘက်နဲ့ ညင်ညင်သာသာသုတ်ကာ ခြောက်သွေ့တဲ့အထိထားပါ။

ရေအေးဖြင့် ခေါင်းလျှော်ပါ

ရေပူနဲ့ခေါင်းလျှော်တာက ဆံပင်သားနဲ့ ဦးရေပြားမှာ ကပ်နေတဲ့ မရှိမဖြစ် အဆီတွေကို ကင်းဝေးသွားစေနိုင်တာကြောင့် ခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ရေအေးကိုပဲသုံးပါ။

ဓာတုပစ္စည်းဖြင့် မကြာခဏပြုပြင်မှု မလုပ်သင့်ပါ

ဆံပင်ကို မကြာခဏ အရောင်ဆိုးတာက ဆံပင်သားကို ထိခိုက်ခြောက်သွေ့ကာ အရောင်မှိန်ဖျော့သွားစေပါတယ်။ ဆံပင်အရောင်ဆိုးမယ်ဆိုရင် ဓာတုပစ္စည်း ပါဝင်မှုနည်းတဲ့ အမျိုးအစားကို ရွေးသုံးပါ၊ အညွှန်းမှာ ဖော်ပြထားတာကို တိတိကျကျ လိုက်နာပါ။

သင့်တော်သော ရှမ်ပူနှင့် ကွန်ဒီရှင်နာသုံးပါ

ကိုယ်နဲ့သင့်တော်တဲ့ ရှမ်ပူနဲ့ ကွန်ဒီရှင်နာကို သုံးတာက ဆံပင်သားကို သန့်စင်စေပြီး အစိုဓာတ်ရှိနေစေကာ ဆံကေသာကို တောက်ပနေစေပါတယ်။

ကျန်းမာရေးနှင့်အညီနေပါ

ဆံပင်ရဲ ့အခြေအနေက သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ ့ ကျန်းမာရေးအခြေအနေပေါ်မှာ မူတည်နေတာကြောင့် ကျန်းမာရေးနဲ့အညီ နေထိုင်သင့်ပါတယ်။ အစားအသောက်ကို ကောင်းကောင်းစားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ ရေအလုံအလောက်သောက်ပါ၊ အိပ်ရေးဝ၀အိပ်ပါ၊ ပြီးတော့ စိတ်ဖိစီးမှုကို လျှော့ချပါ။ ကျန်းမာအောင် နေထိုင်တာက ဆံပင်သားတွေရဲ ့ ကြီးထွားမှုကို ကောင်းမွန်စေပါတယ်။

ဦးထုပ်ကျပ်ကျပ် မဆောင်းသင့်ပါ

ဦးထုပ်ကျပ်ကျပ်ဆောင်းတာက ဆံပင်ကျွတ်နှုန်း များစေပါတယ်။

အစိုဓာတ်ရှိပါစေ

ဆံပင်သားမှာ အစိုဓာတ်နဲ့ ပရိုတင်းဓာတ်ပြည့်ဝနေတာက ဆံပင်ပျက်စီးနှုန်းကို လျော့ကျစေပါတယ်။ ဆံပင်ကို ချောမွေ့အောင် ဆီကြည် (Serum) ဒါမှမဟုတ် ခေါင်းလိမ်းဆီ လိမ်းပေးဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top