Healthy Life Ad
Life Style

ဗောက်ထခြင်း ပြဿနာအဖြေရှာ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဗောက်ထတယ်ဆိုတာဦးရေပြားခြောက်သွေ့တာနဲ့ ဖန်းဂတ်စ်မှိုစွဲတာလို အခြေအနေကြောင့် ဖြစ်လာတာပါ။ ဓာတုပစ္စည်းပါဝင်မှုများတဲ့ ဗောက်ပျောက်ရှမ်ပူကိုရှောင်ပြီး အိမ်သုံးဗောက်ပျောက်စေတဲ့နည်းတွေကို သုံးကြည့်ဖို့ Reader Digest မှာ အခုလို မျှဝေထားပါတယ်။


အက်စ်ပရင်(Aspirin)
တခြား ဗောက်ပျောက်ရှမ်ပူတွေလိုပဲ အက်စ်ပရင်မှာ ဆလီးဆလစ်အက်စစ်ပါဝင်ပါတယ်။ ပြုလုပ်ရမယ့်နည်းက အက်စ်ပရင်ဆေးပြားနှစ်ပြားကို ကြိတ်ချေပြီး ပုံမှန်ရှမ်ပူထဲထည့်ကာ ခေါင်းလျှော်ပေးပါ။ ဆံပင်ကိုရှမ်ပူလိမ်းပြီး ၁-၂ မိနစ်လောက်ထားပါ။ ရေစင်အောင် ဆေးကြောသန့်စင်ပေးရပါမယ်။


ဆော်ဒါမှုန့်
သင့်မီးဖိုချောင်မှာရှိတဲ့ ဆော်ဒါမှုန့်ကလည်း ဦးရေပြားယားယံမှုကင်းပြီး ဗောက်မထအောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ အရင်ဆုံး ဆံပင်ကိုစိုစွတ်အောင်လုပ်ပြီး ဆော်ဒါမှုန့် လက်တစ်ဆုပ် စာပမာဏကို ဦးရေပြားအနှံ့သုတ်လိမ်းပေးပါ။ ရှမ်ပူကိုမသုံးဘဲ ဆံပင်တွေကို ရေနဲ့ ဆေးကြောလိုက်ပါ။ ဆော်ဒါမှုန့်ဟာ ဗောက်ထစေတဲ့ ဖန်းဂတ်စ်မှိုပိုးတွေကို လျော့ပါးသွားစေပါတယ်။ တစ်ပတ်အကြာမှာ ဦးရေပြားမှ သဘာဝအဆီဓာတ်ထွက်ရှိလာပြီး ဆံပင်သား နူးညံ့ကာ ဗောက်ကင်းစင်စေပါတယ်။


ရှလကာရည်
ဗောက်ပျောက်ကုထုံးအနေနဲ့ ရှလကာရည် ကိုသုံးနိုင်ပါတယ်။ ရှလကာရည်ရဲ့ အက်စစ်ဓာတ်ဟာ ဦးရေပြားရဲ့ စံ ကို ပြောင်းလဲစေတာကြောင့် မှိုပိုးပေါက်ဖို့ ခက်ခဲသွားပါတော့တယ်။ ပြုလုပ်ရမယ့် နည်းကတော့ ရေခွက်ရဲ့လေးပုံတစ်ပုံနဲ့ ရှလကာရည်ခွက်ရဲ့လေးပုံတစ်ပုံကို ရောကာ စပရေး ဖျန်းဘူးအလွတ်ထဲထည့်ပြီး ဦးရေပြားပေါ် ပက်ဖျန်းပေးပါ။ ပြီးရင် ဦးခေါင်းကိုတဘတ်နဲ့အုပ်ပြီး ၁၅ မိနစ်မှ တစ်နာရီအထိထားလိုက်ပါ။ ပြီးမှ ခါတိုင်းလို ခေါင်းလျှော်ပေးပါ။ တစ်ပတ် နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။

ခံတွင်းသန့်စင်ဆေးရည်
ဗောက်ထတာကိုကုသနိုင်ဖို့ အရင်ဆုံး ဆံပင်ကို ပုံမှန်ရိုးရိုးခေါင်းလျှော်ရည်နဲ့ လျှော်ပြီးမှ အယ်လ်ကိုဟောအခြေခံ ခံတွင်းသန့်စင်ဆေးရည်နဲ့ ဆေးလိုက်ပါ။ ပြီးမှ ပုံမှန် ကွန်ဒီရှင်နာသုတ်လိမ်းပေးပါ။ ခံတွင်းသန့်စင်ဆေးရည်ရဲ့ ဖန်းဂတ်မှိုသတ်ဆေးဟာ ဗောက်ထစေတဲ့မှိုပိုးတွေကို ကာကွယ်ပေးပါတယ်။


အုန်းဆီ
အုန်းဆီက ဗောက်ထတာကို ကုသပေးနိုင်သလို ဆံပင်ကိုလည်း မည်းနက်စေပါတယ်။ ခေါင်းမလျှော်ခင် ဦးရေပြားအနှံ့အုန်းဆီ ထမင်းစားဇွန်း ၃-၅ ဇွန်းလိမ်းကာနှိပ်နယ်ပြီး တစ်နာရီလောက်ထားပါ။ ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်လိုက်ပါ။


သံပရိုသီး
သံပရိုသီးထမင်းစားဇွန်းနှစ်ဇွန်းကို ဦးရေပြားအနှံ့သုတ်လိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင် ရေတစ်ခွက်ထဲကို သံပရိုသီး လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ကာ ဆံပင်သားထဲ ရောမွှေလိုက်ပါ။ သံပရိုသီးရဲ့ အက်စစ်ဂုဏ်သတ္တိဟာ ဦးရေပြား ရဲ့ စံဓာတ်ကို ဟန်ချက်ညီစေပြီး ဗောက်ပျောက်စေပါတယ်။


ဆား
အိမ်သုံးဆားကို ခြောက်သွေ့နေတဲ့ ဦးရေပြားထဲထည့်ပြီး ဆံပင်သားအနှံ့ ရောက်အောင် လူးကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပါ။


ရှားစောင်းလက်ပပ်
ခေါင်းမလျှော်ခင် ဦးရေပြားထဲကို ရှားစောင်းလက်ပပ်ထည့်ကာ နှိပ်နယ်လိုက်ပါ။ ဒါဆိုရင် ဗောက်ထတာကြောင့် ကုတ်နေစရာ မလိုတော့ပါဘူး။ အကြောင်းကတော့ ရှားစောင်းလက်ပပ်ရဲ့ အေးမြစေတဲ့ အာနိသင်ကြောင့် ဦးရေပြားယားယံမှုဝေဒနာ သက်သာစေပါတယ်။


ကြက်သွန်ဖြူ
ကြက်သွန်ဖြူရဲ့ ဖန်းဂတ်စ်မှိုသတ်တဲ့ အာနိသင်ကြောင့် ဗောက်ထစေတဲ့ ဘက်တီးရီးယားတွေ ကိုကင်းစင်စေပါတယ်။ ပြုလုပ်ရမယ့်နည်းက ကြက်သွန်ဖြူကို ကြိတ်ချေပြီး ဦးရေပြားအနှံ့သုတ်လိမ်းပေးပါ။ စူးရှတဲ့အနံ့ပျောက်စေဖို့ ပျားရည်ထည့်ပြီးမှလိမ်းကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။


သံလွင်ဆီ
ဆံပင်သားကို သံလွင်ဆီလိမ်းပြီး တစ်ညလုံးထားရင် ဗောက်ပျောက်စေပါတယ်။ ပြုလုပ်ရမယ့်နည်းမှာ သံလွင်ဆီ ၁၀ စက်ခန့်ကို ဦးရေပြားပေါ်သုတ်လိမ်းကာနှိပ်နယ်လိုက်ပါ။ ပြီးရင် ခေါင်းစွပ်စွပ်ပြီး တစ်ညထားပါ။ နံနက်ခင်းမှာ ပုံမှန်အတိုင်း ခေါင်းလျှော်လိုက်ပါ။ ပိုမိုထိရောက်မှု ရှိချင်တယ် ဆိုရင် သံလွင်ဆီပါတဲ့ ရှမ်ပူနဲ့ ခေါင်းလျှော်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top