Healthy Life Ad
Life Style

ထူးချွန်ထက်မြက်သူတို့၏ အလေ့အထ ခုနစ်ရပ်

၊ ကိုမိုး ၊

ကိုယ်လုပ်နေတဲ့လုပ်ငန်းခွင်မှာ ကျွမ်းကျင်အောင်မြင်နေပြီး ထူးချွန်ထက်မြက်သူတွေလို့ အများကသတ်မှတ်ခံထားရသူတွေရဲ့ အလေ့အထတွေဖြစ်ပါတယ်။

အလေ့အထ (၁) – လိုချင်သော အခြေအနေကို ဖန်တီးရယူတတ်ခြင်း

ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်ကိုချမှတ်ပြီး ဆုံးဖြတ်ထားတဲ့အတိုင်း ဖန်တီးကြိုစားတတ်ပါတယ်။ ကိုယ်ရဲ့ရွေးချယ်မှုအတွက် အပြည့်အဝတာဝန်ယူတတ်ပြီး ဖြစ်လာသမျှ အကောင်း၊ အဆိုးတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိပါတယ်။

အလေ့အထ (၂) – စိတ်ကို လေ့လာခြင်း

ကိုယ်မှာရှိတဲ့ အကျင့်စရိုက်၊ အားသာချက်တွေနဲ့ ဘဝရည်မှန်းချက်တွေကို နက်နက်နဲနဲ နားလည်အောင်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရှာဖွေပါတယ်။ သင်ရဲ့ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ၊ နေထိုင်မှုဆိုင်ရာ အခန်းကဏ္ဌအမျိုးမျိုးက စစ်မှန်တဲ့အကျင့်တွေကို မညှာတမ်း အကဲဖြတ်ပါတယ်။

အလေ့အထ(၃) – အရေးကြီးဆုံးအလုပ်ကို အရင်ဆုံးလုပ်ဆောင်တတ်ခြင်း

သီတင်းပတ်တစ်ပတ်ချင်းစီအလိုက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို အစီအစဉ်ချပြီး အရေးကြီးဆုံးအရာတွေကို ထိပ်ဆုံးမှာထားကာ ဦးစားပေးဆောင်ရွက်ပါတယ်။ ကြိုးစားအားထုတ်မှုတိုင်းဟာ ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုဆိုင်ရာ တန်ဖိုးရအောင် ပံ့ပိုးပေးနိုင်ဖို့ထည့်သွင်း စဉ်းစားပါတယ်။

အလေ့အထ(၄) – Win-Win ဆိုသော အနေအထားကို အကောင်အထည်ဖော်ခြင်း

ပေါင်းသင်းဆက်ဆံရေးမှာ အကျိုးရှိတဲ့ သဘောတူညီချက်ရဖို့ ကိုယ်လည်းအနိုင်ရစေ၊ သူလည်းအနိုင်ရစေဆိုတဲ့ Win-Win Situation ကို နားလည်တန်ဖိုးထားပြီး အလေးထားလုပ်ဆောင်ပါ။ အခြေအနေတစ်ရပ်မှာ လူတစ်ဦးကပဲ အောင်မြင်နေတာထက် ပါဝင်သူအားလုံး အောင်မြင်အောင် စဉ်းစားနားလည်ပေးတာက လူတွေကိုတန်ဖိုးထား လေးစားတတ်တဲ့ အရည်အချင်းတစ်ရပ်လည်းဖြစ်ပါတယ်။

အလေ့အထ (၅) – နားလည်ပေးခြင်း

လူတစ်ဦးရဲ့ စစ်မှန်တဲ့ရင်းနှီးမှုကို ရရှိဖို့အတွက် စာနာနားလည်တတ်တဲ့ စိတ်နဲ့ နားထောင်လေ့ရှိပါတယ်။ သူတို့ရင်ဖွင့်သမျှကိုနားထောင်ပြီး အပြုသဘောနဲ့ တုံ့ပြန်ပေးတာကြောင့် သူတစ်ပါးကို လွှမ်းမိုးမှုရှိသွားပါတယ်။ ဒီအလေ့အထကြောင့် ဂရုစိုက်မှု၊ လေးစားမှုနဲ့ ပြဿနာကို အပြုသဘောနဲ့ ဖြေရှင်းတတ်မှုဆိုတဲ့ ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးကို ရရှိစေပါတယ်။

အလေ့အထ (၆) – စုပေါင်းညှိနှိုင်းဆောင်ရွက်တတ်ခြင်း

အပြုသဘောဆောင်တဲ့ အသင်းလိုက်ဆောင်ရွက်မှုကြောင့် ပါဝင်သူတွေရဲ့ ခွန်အားနဲ့အရည်အချင်းတွေ ပေါင်းစည်းသွားပြီး လူတစ်ယောက်လုပ်လို့ရတဲ့အောင်မြင်မှုထက် ပိုသာတဲ့အောင်မြင်မှု ပန်းတိုင်ကိုရရှိစေပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းကြိုးစားမှု၊ ခေါင်းဆောင်ပီသမှုနဲ့ အားပေးမှုတွေကြောင့် အဖွဲ့လိုက်လုပ်ဆောင်မှုဟာ အကောင်းဆုံးစွမ်းဆောင်မှုကို ရရှိစေပါတယ်။

အလေ့အထ (၇) – ထက်မြက်အောင် ကြိုးစားနေခြင်း

ကိုယ်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ စွမ်းအင်နဲ့ ကျန်းမာရေးတွေကို ဟန်ချက်ညီအောင်နဲ့ ကောင်းမွန်နေအောင် ကြိုးစားတာဟာ ကြာရှည်ထူးချွန်ထက်မြက်တဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top