Healthy Life Ad
Life Style

လက်ကိုင်ဖုန်းက သင့်နုပျိုမှုကို ဖျက်ဆီးနေပြီလား

၊ ငွေကြယ်စင်ယံ ၊

လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုများတဲ့ သင့်ပါးပြင်မှာအဖုအပိမ့်အပြစ်အနာအဆာတွေ ထင်တတ်တာ ကိုသင်သတိပြုမိပါရဲ့လား။ ဒါမှမဟုတ် ဖုန်းစကရင်ကို ကြည့်လွန်းအားကြီးလို့ သင့်မျက်လုံးအရေးကြောင်းတွေ၊ နဖူးပြင်အတွန့်ကြောင်းတွေ ပိုထင်တာကို သင်သတိထားမိပါသလား။ ဒါတွေက လက်ကိုင်ဖုန်းအသုံးများတာ၊ အီးမေးသုံးတာ၊ ဖေ့စ်ဘွတ်ခ်ကြည့်တာ စတာတွေနဲ့ ဆက်စပ်တယ်လို့ အရေပြား အထူးကုဆရာဝန်တွေက ဆိုပါတယ်။ သင့်လက်ကိုင်ဖုန်းဟာ မျက်နှာပြင် အဖုအပိမ့်ပေါက်တာ၊ အမည်းစက်ပေါ်တာနဲ့ အရေးကြောင်း ထင်တာတွေကို ဖြစ်စေနိုင်ပါတယ်။

(၁) ဖုန်းနှင့် ထိတွေ့မှုများသည့် အသားအရေကိုကြေးချွတ်သန့်စင်ပါ
ပါးပြင်ကနေ နဖူးထောင့်အထိ မျက်နှာအစိတ်အပိုင်းနေရာကို ဖုန်းဇုန်(Phone Zone)လို့ ခေါ်ပါတယ်။ အဲဒီနေရာက မျက်နှာအဖုအပိမ့်ပေါက်လွယ်တဲ့နေရာတွေပါ။ လက်ကိုင်ဖုန်းမှာ ပိုးမွှားတွေကပ်ငြိပြီး အဲဒီပိုးမွှားတွေက သင့်အရေပြားဆီကို ကူးစက်ရောက်ရှိစေနိုင်ပါတယ်။ မျက်နှာမှာ လက်ကိုင်ဖုန်းကြောင့် အဖုအပိမ့်ဖြစ်နှုန်းလျော့ကျစေဖို့ မျက်နှာကို ကြေးချွတ်သန့်စင်ပေးရပါမယ်။ ဒါ့အပြင်လက်ကိုင်ဖုန်းကို ပိုးမွှားတွေကင်းစင်နေအောင် မကြာခဏ သန့်ရှင်းပေးရပါမယ်။

(၂) ဖုန်းကို ငုံ့မကိုင်သင့်ပါ
လက်ကိုင်ဖုန်းကိုင်ဆောင်တဲ့အခါ ဖုန်းကို နှိမ့်ပြောပြီး အဆက်မပြတ် အောက်ငုံ့နေတာကြောင့် လည်ပင်းတစ်ဝိုက် ကော်လာဂျင်တွေကို ထိခိုက်စေပြီး လည်ပင်းမှာ အရေးကြောင်းအရစ်ရာတွေ ထင်တတ် ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ လက်ကိုင်ဖုန်းကို မျက်စိနဲ့တစ်တန်းတည်းမှာကိုင်ပါ။ ဒါ့အပြင် မျက်နှာသာမက လည်ပင်းကိုပါ နေ့နဲ့ညလိမ်းအစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။

(၃) ဖုန်းစာလုံး အရွယ်အစားကြီးအောင်ချဲ့ပါ
ဖုန်းမျက်နှာပြင်က စာလုံးအရွယ်အစား သေးငယ်တယ်ဆိုရင် ဖတ်ရခက်ခဲပါတယ်။ ဖုန်းစာလုံးတွေကို မျက်မှောင်ကြုတ်ကြည့်တာကြောင့် မျက်ဝန်းတစ်ဝိုက် အရေးကြောင်းထင်တာနဲ့ ကျီးကန်းခြေထောက် ကို ဖြစ်စေနိုင်ပါတယ်။ အဲဒီလို မဖြစ်စေဖို့ ဖုန်းက စာလုံးအရွယ်အစားကို ကြီးပြီး ဖုန်းအလင်းရောင်ကို ပုံမှန်ထားပေးပါ။ ဒါ့အပြင် အိုင်းခရင်မ်ကို နေ့စဉ်မှန်မှန် လိမ်းပေးပါ။

(၄) ကြာကြာဖုန်းပြောမည်ဆိုလျှင် နားကြပ် သို့မဟုတ် ဘလူးတု သုံးပါ
ဖုန်းကြာကြာပြောတဲ့အခါ ဖုန်းမျက်နှာပြင်က ပူလာတတ်ပါတယ်။ ဖုန်းက ထွက်တဲ့အပူရှိန်က နေ ရောင်ကလာတဲ့ အပူရှိန်နဲ့ဆင်တူတဲ့အတွက် မျက်နှာပေါ်မှာ အမည်းစက်တွေ ထင်တတ်ပါတယ်။ ဒါကြောင့် ဖုန်းကြာကြာပြောမယ်ဆိုရင် နားကြပ်ဒါမှ မဟုတ် ဘလူးတု (Bluetooth)ကို သုံးပြီးပြောပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top