Healthy Life Ad
International

ဆဲလ်ဖုန်းအသုံးများသည့်ကလေးများ ကြီးပြင်းလာချိန်တွင် ကင်ဆာ ၁၂ မျိုး ဖြစ်နိုင်ခြေမြင့်မား

ကိုထက်

ဒီနေ့ခေတ်မှာ လူအများစုက ကွန်ပျူတာ၊ ဖုန်း၊ Ipad စတာတွေ ပိုသုံးလာတဲ့အတွက် ကလေးတွေမှာတောင် အဲဒီအလေ့အထ ရိုက်ခတ်မှုရှိလာပါတယ်။ ကလေးတွေဖုန်းသုံးတာကို နေရာတိုင်းမှာ တွေ့ရတာလွယ်ကူတာကြောင့် ဒီလို ဆဲလ်ဖုန်းကိုင်တဲ့ ကလေးငယ်တွေက ကြီးပြင်းလာချိန်မှာ ကင်ဆာအမျိုးအစား ၁၂ မျိုးကို ကူးစက်လွယ်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

လတ်တလောမှာ ကမ္ဘာ့ကင်ဆာသုတေသနက ကမ္ဘာပေါ်က လူဦးရေနှစ်သိန်းကို အခြေခံပြီး သုတေသန ၈၀ ခုကျော်ဆီက ရလာတဲ့ အချက်အလက်တွေကို သုံးသပ်ခဲ့တဲ့အခါ “ကလေးဘဝမှာ နည်းပညာအသုံးအဆောင်တွေ အသုံးများရင် ကြီးပြင်းလာချိန်မှာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ အစရှိတဲ့ကင်ဆာတွေနဲ့ ဆက်နွှယ်မှုရှိတယ်” လို့ တွေ့ရှိထားပါတယ်။ ဒါ့အပြင် နေ့စဉ်အချိန်များများ ဆဲလ်ဖုန်းသုံးတဲ့အတွက် ငယ်ရွယ်ချိန် မျက်စိအမြင်လည်း လျော့ကျတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က လေ့လာမှုတွေနဲ့ယှဉ်ရင် ကလေးဘဝ အဝေးမြင်ဖြစ်နှုန်းက ၇ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ပုံမှန်ဖုန်းစကရင်ကြည့်တာကြောင့် ၁၆ ဒသမ ၄ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးတွေက ဖုန်းသုံးရင်း အစာစားတဲ့အတွက် အဝလွန်ခြင်းလည်း မြင်တက်လာခဲ့ပါတယ်။ ကလေးတစ်ယောက် အဝလွန်တဲ့အခါ ကိုယ်အလေးချိန်မြင့်တက်နိုင်ခြေက မိဘတွေသိတာထက် ငါးဆကျော် ပိုများလာပါတယ်။ ဒါကလည်း ကင်ဆာကို ပိုအားပေးတဲ့အချက်ပါ။ အကြောင်းကတော့ အဝလွန်ခြင်းဟာ အစာအိမ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာ စတဲ့ကင်ဆာတွေနဲ့ ဆက်နွှယ်မှုရှိလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ ကလေးငယ်တွေကို နည်းပညာအသုံးအဆောင်တွေ သုံးစွဲမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Ref;freedytv

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top