Healthy Life Ad
Life Style

နွေကာလတစ်လျှောက်လုံး ကိုယ်နံ့ဆိုးကင်းစေမည့် အရေပြားဆရာဝန်၏ လမ်းညွှန်ချက်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဘယ်သူမှ ကိုယ်နံ့နံတာကို သဘောကျမှာမဟုတ်ပါဘူး။ စိတ်ဖိစီးမှု၊ ပူပင်သောကနဲ့ ချွေးထွက်များတာတို့ကြောင့် ကိုယ်နံ့ထွက်စေနိုင်ပါတယ်။ ဒါကြောင့်အမေရိကန် အရေပြားအထူးကုစင်တာမှ ဒေါက်တာကီရန်က နွေကာလတစ်လျှောက်လုံး ကိုယ်နံ့ဆိုးထွက်တာသက်သာစေဖို့ အောက်ပါအတိုင်း အကြံပြုထားပါတယ်။

ကိုယ်နံ့ဆိုးထွက်စေသောအချက်များ

ကိုယ်နံ့ဆိုးတာက အဓိကအချက်နှစ်ခုကြောင့် ဖြစ်တတ်ပါတယ်။ ပထမအချက်က ချွေးထွက်တာပါ။ တကယ်တော့ ကိုယ်အပူချိန်ကို ထိန်းသိမ်းပေးပါတယ်။ ချွေးထွက်များရတာက ဟော်မုန်းတုံ့ပြန်မှု ဒါမှမဟုတ် စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်ပါတယ်။ ချွေးနံ့နံရတဲ့ နောက်အချက်တစ်ခုက ဘက်တီးရီးယားကြောင့်ပါ။ ဘက်တီးရီးယားတွေ ရှင်သန်နေတာကြောင့် ထွက်လာတဲ့ချွေးက ပိုပြီးအနံ့ထွက်ရတာဖြစ်ပါတယ်။

ကိုယ်နံ့ဆိုးထွက်ခြင်း ကင်းဝေးစေရန်

ကိုယ်နံ့ဆိုးထွက်တာကို ကာကွယ်ပေးနိုင်မယ့် အရေးကြီးဆုံးနည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


– သင့်တော်သော တစ်ကိုယ်ရေသန့်ရှင်းရေး

ချိုင်း၊ ပေါင်ခြံ အပါအဝင် တစ်ကိုယ်လုံးကို သန့်ရှင်းစင်ကြယ်အောင်ထားပြီး ဆပ်ပြာနဲ့ရေကိုသုံးကာ နေ့စဉ်နေ့တိုင်း သန့်စင်ဆေးကြောပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးချိန်နဲ့ မိုးရေစိုပြီးချိန်မှာ ရေချိုးဖို့ အရေးကြီးပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးအားနည်းလို့ ဘက်တီးရီးယားပိုးကပ်ငြိနေချိန်မှာ အနံ့ဆိုးထွက်တတ်တဲ့အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးကောင်းဖို့က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။


– ချည်သားဝတ်စုံ ဝတ်ဆင်ခြင်း

ချည်သားဝတ်စုံဟာ လေဝင်လေထွက်ကောင်းစေပြီး အရေပြားကနေ အငွေ့ပျံစေတဲ့အတွက် ချွေးထွက်လည်း ကိုယ်မှာစွဲမနေစေပါဘူး။


– ပူစပ်သော ဟင်းခတ်အမွှေးအကြိုင်ကဲသည့် အစာများကိုရှောင်ခြင်း

ကြက်သွန်နီ၊ ပူစီနံနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေက ချွေးနံ့ကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် အနံ့ဆိုးထွက်စေတဲ့ ဟင်းခတ်အမွှေးအကြိုင်တို့ကိုရှောင်ရှားပါ။


– အမွေးရိတ်ခြင်း

အမွေးရိတ်ဖို့မမေ့ပါနဲ့။ အမွေးတွေက ချွေးကို ဆုပ်ယူထားနိုင်ပြီး ဘက်တီးရီးယားပိုးတွေကို ပွားများလာစေတဲ့အတွက် ကိုယ်နံ့ဆိုးထွက်စေနိုင်ပါတယ်။

ကိုယ်နံ့ဆိုးထွက်ခြင်းကို ကုသနိုင်မည့်နည်းလမ်းများ

ကိုယ်နံ့ဆိုးတဲ့အတွက် လူတွေကြားထဲ သွားလာလှုပ်ရှားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ ဖြစ်နေသူတွေ လိုက်နာနိုင်မယ့် နည်းတွေရှိပါတယ်။


– ချွေးနံ့ထိန်းတောင့် သို့မဟုတ် ချွေးတိတ်ဆေးတောင့်ကိုသုံးပါ

ချွေးနံ့ထိန်းတောင့်က ဘက်တီးရီးယားမပေါက်ပွားနိုင်အောင် ဟန့်တားတဲ့နည်းနဲ့ အနံ့ဆိုးမထွက်အောင် တားဆီးပေးပါတယ်။ ချွေးတိတ်ဆေးကတော့ ထွက်ရှိမယ့် ချွေးပမာဏကိုပိတ်ပင်ဟန့်တားပေးမှာပါ။


– ချွေးထွက်နည်းစေမည့် နည်းများကိုစဉ်းစားပါ

စိတ်ချရတဲ့ ချွေးထွက်နည်းစေတဲ့နည်းကတော့ Botulinum Toxin လို့ခေါ်တဲ့ ဘိုတော့စ်ကို ချိုင်း(ဂျိုင်း)နေရာမှာ ထိုးပေးတာပဲဖြစ်ပါတယ်။ ဒါဆိုရင် ဦးနှောက်ကနေ ချွေးဂလင်းဆီကို ပိတ်ပင်ဟန့်တားတဲ့ အချက်ပြသင်္ကေတပေးပို့ပြီး ချွေးထွက်နည်းစေပါတယ်။ ဒါပေမဲ့ ဒီကုထုံးက ၂-၈ လပဲခံပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top