Healthy Life Ad
Life Style

ကိုယ်အလေးချိန်လျော့ကျလိုသူတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်သည့် မေးခွန်းလေးခု

၊ လရိပ်မေ ၊

(၁) ရေကို အလုံအလောက်သောက်ဖြစ်ရဲ့လား

အာဟာရဂျာနယ်ရဲ့ လတ်တလောလေ့လာမှုတစ်ရပ်အရ ရေဓာတ်အနည်းငယ်ခမ်းခြောက်နေရင်တောင် အမျိုးသမီးငယ်တွေဟာ နုံးတာ၊ ခေါင်းကိုက်တာနဲ့ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာတွေဖြစ်တတ်တယ်လို့ သိရပါတယ်။ ရေဓာတ်ခမ်းခြောက်တာကြောင့် ဗိုက်ဆာတာ၊ ပင်ပန်းတာနဲ့ စိတ်တိုတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာစားချင်စိတ်လျော့ကျစေဖို့ အစာမစားခင် ရေတစ်ဖန်ခွက်သောက်သင့်ပါတယ်။ အစာစားချင်စိတ်ဖြစ်ပေါ်တဲ့အခါမှာလည်း ရေတစ်ဖန်ခွက် သောက်ပေးသင့်ပါတယ်။

(၂) အိပ်ရေးဝ၀ အိပ်ရဲ့လား

အိပ်ရေးပျက်တာက စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိပြီး အစာစားချင်တဲ့ဆန္ဒကို တိုးစေကာ အစာစားတဲ့အလေ့အထကို အရင်ထက်ပိုတိုးစေပါတယ်။ ပုံမှန်ထက် အိပ်ချိန်နည်းတဲ့သူတွေဟာ တစ်နေ့မှာ ကယ်လိုရီ ၃၀ဝခန့် စားဖြစ်တယ်လို့ ကိုလံဘီယာတက္ကသိုလ်ရဲ့ လေ့လာသူတွေကဆိုပါတယ်။ အိပ်ချိန်အလုံအလောက်မရှိတာက စိတ်ဖိစီးမှုပိုခံရတတ်ပြီး ဗိုက်ပိုဆာတတ်ကြပါတယ်။ အထူးသဖြင့် အိပ်ရေးပျက်တဲ့သူတွေက သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာတွေကို စားချင်စိတ်များတတ်ကြပါတယ်။ ဒီအစာတွေကို အလွန်အမင်းစားမိရင် ကိုယ်အလေးချိန်မြင့်တက်စေနိုင်ပါတယ်။

(၃) ကောင်းတဲ့ အဆီကိုများများစားရဲ့လား

အိုမီဂါ ၃ ဖက်တီးအက်စစ်လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကိုစားပေးရင် စိတ်ခံစားချက်ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးကို ရရှိစေပါတယ်။ ကော်နက်တီးကပ်တက္ကသိုလ်ရဲ့ လတ်တလောလေ့လာမှုတစ်ရပ်အရ ကိုယ်ဝန်ဆောင်ချိန်မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကိုမှီဝဲတဲ့ အမျိုးသမီးတွေဟာ ကလေးမွေးပြီးချိန်မှာ စိတ်ဓာတ်ကျနိုင်ခြေလျော့ကျမှုရှိကြောင်း သိရပါတယ်။ ဒါကြောင့် အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတို့ကို တစ်ပတ်နှစ်ကြိမ်စားပါ။ ဒါမှမဟုတ် သစ်ကြားသီးကို လက်တစ်ဆုပ်စာ စားပေးပါ။ ဒီလိုမစားဖြစ်ရင် ဖြည့်စွက်ဆေးမှီဝဲပါ။

(၄) ဟက်ဟက်ပက်ပက် ရယ်မောရဲ့လား

ဒီနေ့ခေတ်မှာ အလုပ်တာဝန်အများအပြားထမ်းဆောင်ရင်း ဟက်ဟက်ပက်ပက်ရယ်မောနိုင်တဲ့ အချိန်ရှိသင့်ပါတယ်။ ရယ်မောတာက စိတ်ဖိစီးမှုကိုလျော့ကျစေပြီး သွေးစီးဆင်းမှုကောင်းမွန်စေတယ်လို့ လေ့လာမှုတွေက သက်သေပြထားပြီးသားပါ။ တကယ်တော့ ရယ်မောတာက ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။ တစ်နေ့မှာ တစ်နာရီလောက် ဟက်ဟက်ပက်ပက်ရယ်မောတာဟာ အားကစားခန်းမမှာ နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်သလို ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top