Healthy Life Ad
Life Style

ရွှေစင်၏ ကျန်းမာလှပလူမှုဘဝ

– တစ်နေ့တာအတွက် အသားအရေထိန်းသိမ်းဖြစ်ပုံလေးကို ပြောပြပေးပါဦး။

တစ်နေ့တာအတွက် မိုးလင်းလင်းချင်း ရေသောက်တယ်။ ရေကို တစ်နေကုန်ဂရုစိုက်ပြီး သောက်ဖြစ်တယ်။ အဓိကက ခန္ဓာကိုယ်ကျန်းမာအောင်နေတယ်။ Gym ဆော့တယ်။ အသားအရေက ဖြူတယ်၊ ညိုတယ်ဆိုတာထက် ကျန်းမာပြီးနေရတဲ့ပုံစံကို အလှလို့ သတ်မှတ်ထားတယ်။

– ကျန်းမာရေးနဲ့အလှအပအတွက် လိုက်နာလေ့ရှိတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြပါဦး။

အဓိကက ကျန်းမာရေးကိုဂရုစိုက်တယ်။ လက်လှမ်းမီသလောက်လေ့လာတယ်။ လိုအပ်တဲ့ အားဆေးသောက်တာမျိုး၊ အစားအသောက်ကို ဂရုစိုက်တာမျိုး၊ Gym ဆော့ပေးရတာမျိုး၊ ရေကို ဂရုစိုက်ပြီး သောက်ပေးတာမျိုးပေါ့။ ကျန်းမာမှ အရာအားလုံးလုပ်နိုင်မယ်လို့ ယုံကြည်ထားတယ်။ လက်ခံထားတယ်။ အဲ့ဒီအတွက် အရမ်းဂရုစိုက်တယ်။ အလှအပလည်းကြိုက်တယ်။ ကိုယ်တိုင်က မိန်းကလေးတစ်ယောက်ဖြစ်နေတာရော ကိုယ်လုပ်ရတဲ့အလုပ်ကလည်း အလှအပကိုထိန်းသိမ်းရတဲ့ အလုပ်ဖြစ်နေတာကြောင့် လှလှလေးနေရတာကိုကြိုက်တယ်။

– ကျန်းမာရေးနဲ့ ညီညွတ်အောင် ထိန်းသိမ်းပြီး စားဖြစ်လား။

အဓိကကတော့ အသီးအနှံတွေစားတယ်။ အသီးအရွက်ကြော်လေးတွေ မပါမဖြစ်စားတယ်။ အတတ်နိုင်ဆုံး ဆီကိုလျှော့ပြီး ရေလုံပြုတ်လေးတွေစားတယ်။

– ဆွေမျိုးအပေါင်းအသင်းတွေကိုရော ကျန်းမာရေးလမ်းညွှန်မှုတွေ ပြောဖြစ်လား။

အဓိကက ဖေဖေနဲ့မေမေကို ပြောဖြစ်တယ်။ ကိုယ်ချစ်တဲ့သူတွေကို အရမ်းစိတ်ပူတတ်တယ်။ အမေကပြောတယ်။ တစ်ခါတလေ သမီးစဉ်းစားမိတာတွေက အမေတို့တောင် မစဉ်းစားမိဘူး။ အဲဒီလောက် စိတ်မပူနဲ့လို့တောင် အမေကပြောယူရတယ်။

– အိမ်မှာချက်တဲ့ အစားအစာနဲ့ အပြင်စာဆိုရင် ဘာကိုပိုကြိုက်လဲ။

အိမ်မှာချက်စားတဲ့ အစားအစာကို ပိုပြီးကြိုက်တယ်။ များသောအားဖြင့်က အပြင်မှာပဲရှိနေရတာ တစ်နေကုန် တစ်နေခမ်း ရှုတင်မှာ ခရီးတွေလည်းထွက်ရတော့ တောက်လျှောက် အပြင်စာတွေလည်း စားနေရတော့ အားတဲ့အချိန်၊ ရတဲ့ရက်လေးမှာ သေသေချာချာ တစ်ကူးတက ပြင်ဆင်ပြီးတော့ အိမ်မှာစားဖြစ်တယ်။

– စိတ်ဖိစီးမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ဖြေဖျောက်ပစ်လဲ။

အခြေအနေပေါ်မှာ မူတည်တယ်။ တစ်ခါတလေကျတော့လည်း ဘုရားစင်ရှေ့မှာ ထိုင်လိုက်တာကလူကို Pressure တွေ လျော့စေတယ်။ ဘုရားရှိခိုးလိုက်တာမျိုး၊ တရားထိုင်လိုက်တာမျိုးပေါ့။ တစ်ခါတလေကျတော့လည်း ထိုးအိပ်ပစ်လိုက်တယ်။ တစ်ခါတလေကျတော့လည်း သီချင်းကို အကျယ်ကြီးဖွင့်ပြီးတော့ ကားပတ်မောင်းလိုက်တယ်။

– ကျန်းမာရေးစစ်ဆေးမှုတွေရော လုပ်ဖြစ်လား။

ကိုယ်တိုင်လည်း လုပ်ဖြစ်တယ်။ ဖေဖေမေမေကိုပါ ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးဖြစ်တယ်။ သူတို့ကျတော့ ခဏခဏလုပ်ပေးတာကို မကြိုက်ကြဘူး။ အိမ်က အစ်ကိုတွေကိုရော မရမကဆေးစစ်ပေးတာမျိုး လုပ်ပေးဖြစ်ပါတယ်။

– ပရိသတ်အတွက် ကျန်းမာရေးစကားလက်ဆောင် ပြောပေးပါဦး။

ကျန်းမာမှ လုပ်ချင်တာအားလုံး လုပ်နိုင်တာမို့ ကျန်းမာရေးကို အထူးဂရုစိုက်စေချင်ပါတယ်။ ရွှေစင်ကိုယ်တိုင် ကျန်းမာတာကို နှစ်သက်သလို ရွှေစင့်ရဲ့ပရိသတ်တွေကိုလည်း ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top