Healthy Life Ad
Life Style

ကျန်းမာရေးကောင်းမှ စိတ်ချမ်းသာမယ်ဆိုတဲ့ အကယ်ဒမီခင်ဇာခြည်ကျော်

၊ အေးမို့မို့ဇော် ၊

အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့ အသားအရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

တစ်နေ့တာ အသားအရေထိန်းသိမ်းမှုပုံစံလေး ပြောပြပေးပါ။
အဓိကကတော့ ရေများများသောက်တယ်ပေါ့။အခုအသက် ၄၀ကျော်လာတော့ မျက်နှာကို နည်းနည်းပိုပြီး ဂရုစိုက်ရတယ်။ အရင်တုန်းကဆို မျက်နှာပေါင်းတင်တာတွေဆိုရင် အရမ်း Sensitive ဖြစ်တော့ မတင်ဖြစ်ဘူး။ မျက်နှာနဲ့ပတ်သက်ရင် သိပ်မလုပ်ဖြစ်ဘူး။ အစ်မတို့ခေတ်ကဆိုရင် Skin Care ဆိုတာမျိုးက ဒီဘက်ခေတ်လိုမရှိခဲ့ဘူး။ အစ်မ အသက် ၃၁ နှစ်လောက်ကျမှ Skin Care ဆိုတာကြီးကစပေါ်တာပေါ့။ အဲ့ဒီအချိန်ကနေစပြီး တော့ Skin Care လုပ်ခဲ့တယ်။

ခန္ဓာကိုယ်အလေးချိန်ကိုကော ဘယ်လိုထိန်းဖြစ်လဲ။
ခန္ဓာကိုယ်အလေးချိန်ထိန်းတဲ့အနေနဲ့ ပေါင်မုန့်တွေသိပ်မစားဘူး။ ထမင်းလည်း သိပ်မစားဘူး။ အဓိကကတော့ ပရိုတင်းဓာတ်ပါတာတွေ၊ အသား၊ငါးတွေစားပေးဖြစ်တယ်။

စိတ်ဖိစီးမှုတွေကြုံလာတဲ့အခါမျိုးမှာ ဘယ်လိုနည်းလမ်းလေးတွေနဲ့ဖြေလျှော့လေ့ရှိလဲ။
စိတ်ဖိစီးမှုတွေကြုံလာတဲ့အခါ အဓိကကတော့ ဘုရားတရားပေါ့။ ဘုရားမှတပါး ကိုးကွယ်ရာမရှိတော့ စိတ်ဖိစီးမှုတွေကြုံလာတဲ့အခါ ဘုရားတရား နဲ့ပဲ ဖြေဖျောက်ပါတယ်။

မိန်းကလေးငယ်တွေအတွက် အလှအပနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးနေထိုင်သင့်တယ်ဆိုတာကို အကြုံပြုစကားလေးပြောပေးပါ။
အခုနောက်ပိုင်း ကလေးတွေတော်တော်များများက အိပ်ရေးတွေပျက်ကြတယ်။ ဖေ့ဘုတ်စ် သုံးကြတော့ ညကို မိုးချုပ်မှအိပ်ကြတာ။ ကိုယ့်သား၊ သမီးကအစပေါ့။ အဲ့ဒီတော့ အိပ်ရေးမဝတဲ့အခါတော့ ဉာဏ်ရည်ကလည်း ထိခိုက်တယ်။ ရုပ်ရည်တွေဟာဆိုရင်လည်း အိုမင်းလွယ်တယ်။ ငယ်တဲ့အချိန်သာ မသိတာလေ။ ကြီးတဲ့အချိန်ကျရင် ထိခိုက်တာတွေရှိမယ်။ အိပ်ချိန်ကပုံမှန်အိပ်ရမယ်။ ပုံမှန်စားရမယ်။ အဓိကကတော့ အိပ်ရေးမှန်မှန် အိပ်ကြပါ။ ရေများများသောက်ပါ။

ကျန်းမာရေးနဲ့ပတ်သက်ပြီး စကားလက်ဆောင်လေးပြောပေးပါ။
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါပဲ။အစ်မတို့ ဆရာတော်ဘုရားတွေကို ကန်တော့တဲ့အခါကျရင်လည်း ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတဲ့ စကားအရင်လာတာပါ။ ကျန်းမာမှသာလျှင် ချမ်းသာတာပါ။ ချမ်းသာတယ်ဆိုတာ ပိုက်ဆံချမ်းသာတာကို ပြောတာမဟုတ်ပါဘူး။အဓိကကတော့ ကျန်းမာရေးကောင်းမှ စိတ်ချမ်းသာမှုလည်းရှိမယ်။ပိုက်ဆံဘယ်လောက်ဘဲရှိရှိ မကျန်းမာဘူးဆိုရင်အရာမထင်ပါဘူး။အဲ့ဒါကြောင့် အားလုံးက ကျန်းမာရေးကို ပထမဦးစားပေးအနေနဲ့ ဂရုစိုက်ပြီးတော့ နေထိုင်ပေးပါလို့ အကြံပေးချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top