Healthy Life Ad
Life Style

ကမ္ဘာကျော်မင်းသမီးများ၏ ဆံပင်စတိုင်များနှင့် ထိန်းသိမ်းစောင့်ရှောက်နည်းများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ကမ္ဘာကျော်ဟောလိဝုဒ် မင်းသမီးတစ်ယောက်အနေနဲ့ နေ့စဉ်နေ့တိုင်း ဖက်ရှင်ကျလှပနေအောင် ဂရုစိုက်နေရပါတယ်။ သူတို့အနေနဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာနဲ့ ကတ္ထီပါကော်ဇောနီပေါ်မှာ လှသွေးကြွယ်နေရုံနဲ့ မပြီးသေးပါဘူး။ သူတို့ရဲ့ နိစ္စဓူဝ နေထိုင်မှုပုံစံမှာလည်း ပါပါရာဇီတွေက လိုက်လံဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်လေ့ရှိတာကြောင့် သူတို့အနေနဲ့ ဆံပင်ပုံကျအောင် အမြဲထိန်းသိမ်းနေကြရပါတယ်။ ဒါကြောင့် သူတို့ရဲ့ ထင်ရှားလှပတဲ့ ဆံပင်ပုံတွေနဲ့ သူတို့ရဲ့ ဆံကေသာ ထိန်းသိမ်းနည်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။


အင်ဂျလီနာဂျိုလီ

အမျိုးသမီးအများစုဟာ အင်ဂျလီနာဂျိုလီရဲ့ အရောင်ရင့်ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဆံပင်ပုံစံကို နှစ်ခြိုက်သဘောကျလေ့ ရှိပါတယ်။ ဂျိုလီက ဆံပင်ကို ရှေ့နောက်အရှည် တူညီစွာထားပြီး ဆံနွယ်အဖျားပိုင်းတွေကို ခွေလိမ်နေအောင် ဆံပင်လိမ်းဂျဲလ်သုံးပြီး ဖြန့်ချထားလေ့ရှိပါတယ်။ အရေးကြီးတဲ့ အခမ်းအနားတွေ တက်ရောက်တဲ့အခါမှသာ ဆံပင်ဖြောင့်စက်သုံးကာ ကောက်လေ့ရှိပါတယ်။


ဘရစ်တနီစပီးယား

ဘရစ်တနီစပီးယားဟာ သူရဲ့ရွှေအိုရောင် ဆံပင်သားတွေကို ပုံစံအမျိုးမျိုး ပြုပြင်လေ့ရှိသူပါ။ ဘရစ်တနီရဲ့ ဆံပင်သားဟာ နူးညံ့ပြီးပျော့ပျောင်းတဲ့အတွက် ဖြောင့်တာပဲဖြစ်ဖြစ်၊ လှိုင်းပေါ်အောင် ကောက်တာပဲဖြစ်ဖြစ် ကြည့်ကောင်းနေပါတယ်။ ပုံမှာဖော်ပြထားတဲ့ ဆံပင်ပုံဆိုရင် ခပ်ရိုးရိုးနဲ့ပဲ ဆွဲဆောင်မှုအပြည့် ရှိနေပါတယ်။ ဒီလိုပုံမျိုးဖြစ်ဖို့ဆိုရင် စတပ်အလွှာပါးလေးတွေညှပ်ပြီး အဖျားကို ချွန်ချွန်လေးဖြစ်အောင် ပုံဖော်ထားပါတယ်။


ကက်သရင်းဇီတာဂျုံး

ပင်ကို ဆံနွယ်ကိုပိုင်ဆိုင်တဲ့ ကက်သရင်းဇီတာဂျုံးဟာလည်း ဆံပင်လှသူအဖြစ် ဟောလိဝုဒ်မှာ နာမည်ကြီးပါတယ်။ ပခုံးအထိသာရှည်တဲ့ ဆံနွယ်တွေကို အဖျားမှာ အပြင်ကိုကွေးနေတဲ့ပုံစံ ဖော်ထားတဲ့ ဆံပင်ပုံက ကပိုကရိုနိုင်ပေမယ့် ကြည့်ကောင်းနေပါတယ်။


ဟယ်လီဘယ်ရီ

ဟယ်လီဘယ်ရီကတော့ ဆံပင်အတိုပဲထားထား၊ ဆံပင်အရှည်ပဲထားထား ဆံကေသာတောက်ပမှုနဲ့ ပတ်သက်ပြီး ထင်ရှားသူပါ။ အခုဆံပင်ပုံဆိုရင် တခြားသူနဲ့ မလိုက်ပေမယ့် သူနဲ့ကြည့်ကောင်းနေတာပါပဲ။


ပင်နီလိုခရုဇ်

ဆံပင်သားကောင်းမွန်တယ်လို့ ထူးထူးခြားခြား အသိအမှတ်ပြုရတဲ့ ဟောလိဝုဒ်မင်းသမီးတစ်လက်ပါ။ ဆံပင်တွေကို အများအားဖြင့် အရှည်ထားလေ့ရှိပြီး ဆံပင်ပုံစံကို သူရဲ့မျက်နှာအလှပေါ်အောင် ပြုပြင်လေ့ရှိပါတယ်။


ဂျနီဖာလိုပက်ဇ်

ဆံပင်နဲ့ပတ်သက်ပြီး တင့်တယ်အောင် အမြဲပြင်ဆင်တတ်သူပါ။ ဂျနီဖာမှာ ရှည်လျားလှပတဲ့ ဆံကေသာတွေ ပိုင်ဆိုင်နေပြီး ဆံပင်အရောင်ကို ရွှေအိုရောင်၊ အနီရောင် စသဖြင့် အမျိုးမျိုး အရောင်ဆိုးလေ့ ရှိပါတယ်။ ဒီပုံမှာတော့ ဂျနီဖာဟာ ရွှေအိုရောင်ဆံပင်ကို တောက်ပထင်ရှားနေအောင် အလိပ်ကြီးကြီးလိပ်ကာ ပြင်ဆင်ထားပါတယ်။

Most Popular

Healthy Life Ad
To Top