Healthy Life Ad
Q & A

ဒူးနာတဲ့ ဝေဒနာ . . .

မေး. အသက်အရွယ်ရလာတော့ လှေကားအတက်အဆင်းလုပ်တဲ့အခါနဲ့ လမ်းလျှောက်တဲ့အခါတွေမှာ ဒူးနာလာတတ်ပါတယ်။ တချို့တော့ပြောကြပါတယ်။ နံနက်မိုးလင်းတဲ့အခါနဲ့ ရေချိုးခါနီးအချိန်တွေမှာ ဒူးကို ရေလောင်းရတယ်လို့ ပြောကြပါတယ်။ အဲဒါက ဒူးနာတာကို သက်သာစေပါသလား၊ ဒူးမနာအောင် ဘယ်လိုပြုလုပ်ရမလဲဆရာ။ အသက်အရွယ်ရလာတဲ့အခါမှာ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို ပြုလုပ်သင့်ပါသလဲဆရာ။
ဒေါ်ဝင်း၊ လသာ။

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဝလာတာနဲ့အမျှ လမ်းလျှောက်များတာ၊ လှေကားအတက်အဆင်းလုပ်တာများတာကြောင့် ဒူးနာတတ်ပါတယ်။ အထပ်မြင့်မှာ နေရတဲ့သူတွေက အသက်ငယ်တုန်းမှာ ဒူးနာတာမဖြစ်ပေမယ့် အသက်ကြီးလာရင် ဒူးနာလာနိုင်ပါတယ်။

ရေချိုးခါနီး ဒူးကိုရေလောင်းတာက ဒူးနာသက်သာတယ်ဆိုတာတော့ ဆရာ သေချာမသိပါဘူး။ ဒူးကို အပူဓာတ်၊ အအေးဓာတ်ပေးတဲ့ သဘောမျိုးပဲဖြစ်လိမ့်မယ်ထင်ပါတယ်။ ပူနေတဲ့အချိန်မှာ အအေးဓာတ်ပေးရင်၊ အေးနေတဲ့အချိန်မှာ အနွေးဓာတ်ပေးရင် ဒူးနာသက်သာတာမျိုး ဖြစ်ပါလိမ့်မယ်။

ဒူးလေ့ကျင့်ခန်းအနေနဲ့ ဒူးကိုဆန့်ထားပြီး ပက်လက်အိပ်ရင်း ဒူးကို အပေါ်ကို မ,တဲ့ လေ့ကျင့်ခန်း၊ ထိုင်ရင်း ဒူးကို အပေါ်ကို မ,ပြီး ဒူးကို ဖြည်းဖြည်းမ၊ ဖြည်းဖြည်းချတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ဘယ်ဘက် ၁၀ကြိမ်၊ ညာဘက် ၁၀ကြိမ် တစ်နေ့သုံးကြိမ်လောက်လုပ်ပေးပါ။ ဒူးနာ သက်သာလာပါလိမ့်မယ်။

ကိုယ်ခန္ဓာကိုမဝအောင် ထိန်းပေးဖို့လည်းလိုပါတယ်။ အစားအသောက်အနေနဲ့ မဝအောင်စားသောက်တဲ့ပုံစံကို လိုက်နာသင့်ပါတယ်။ အနေအထိုင်အနေနဲ့ ဒူးမနာလောက်တဲ့ အတိုင်းအတာမျိုးပဲ လုပ်သင့်ပါတယ်။ ဥပမာ- လမ်းလျှောက်တာ တစ်နာရီကြာသွားလို့ ဒူးနာတတ်တယ်ဆိုရင် ၄၅မိနစ်ပဲ လျှောက်သင့်ပါတယ်။ အထပ်မြင့်ကို သုံးထပ်တက်လို့ ဒူးနာတယ်ဆိုရင် နှစ်ထပ်အထိပဲတက်ပါ။ ဒူးနာတဲ့သူက အလေးမတဲ့လေ့ကျင့်ခန်းကိုတော့ လုပ်လို့မရပါဘူး။ လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်ဆိုပေမယ့် လေ့ကျင့်ခန်းကြောင့် ထိခိုက်ဒဏ်ရာ (Sport Injury) မရအောင် ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်နဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းကိုပဲ ရွေးချယ်ပြုလုပ်ပေးပါလို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top