Healthy Life Ad
Q & A

OA ဒူးနာရောဂါသူများ ဆေးကုသရာတွင် အောင်မြင်ထိရောက်မှုရှိစေရန် သိထားသင့်သည့်အချက်များ

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

Q. OA ဒူးနာရောဂါသူတွေ ဆေးကုသရာမှာ အောင်မြင်ထိရောက်မှုရှိစေဖို့ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

A. ဆေးကုတယ်ဆိုတာ ဆရာဝန်က တစ်ဖက်သက်ကုသပေးလို့ မရပါဘူး။ လူနာကလည်း ကိုယ်ခံစားနေရတဲ့ ရောဂါအကြောင်း၊ ကုသမှုအကြောင်း၊ ဘေးထွက်ဆိုးကျိုးအကြောင်း သိရှိနားလည်ပြီးတော့ ပါဝင်ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ ဒါကလည်း ဆေးကုသမှု အောင်မြင်ရေးမှာ အရေးကြီးပါတယ်။ ဒါကြောင့်လည်း OA ဒူးနာရောဂါအကြောင်းကို သိရှိအောင် ဆရာတို့ ပြောပြနေရတာ ဖြစ်ပါတယ်။ ဒီရောဂါမှာဆိုရင်လည်း လူနာဘက်က ဆောင်ရွက်လို့ရတဲ့ အရာတွေ အများကြီးရှိပါတယ်။ လူနာအနေနဲ့ ကိုယ့်ဘာသာ သက်သာရာသက်သာကြောင်း လုပ်လို့ရနိုင်တာတွေ ရှိပါတယ်။

ကိုယ်အလေးချိန်များနေရင် ဝိတ်လျှော့တာကလည်း လူနာလုပ်နိုင်တဲ့ ထိရောက်တဲ့ ကုသမှုတစ်ခုပါ။ ဘာလို့လဲဆိုတော့ ကိုယ်အလေးချိန်ရဲ့ ၁၀ရာခိုင်နှုန်းကို လျှော့ချနိုင်ရင် ဒူးနာတာ တစ်ဝက်သက်သာပါတယ်။ ဝိတ်လျှော့တာ ခက်တယ်ဆိုတဲ့ လူနာတွေကိုတော့ ဆရာတို့ တုတ်ကိုင်ခိုင်းပါတယ်။ တုတ်ကိုင်ထားရင် ဒူးအပေါ်သက်ရောက်တဲ့ အလေးချိန်ဟာ တုတ်ပေါ်ကို ရောက်သွားတဲ့အတွက် ဒူးနာဝေဒနာက အများကြီး သက်သာသွားပါတယ်။ နောက်ပြီးတော့ လှေကားအဆင်းအတက်ကို အနည်းဆုံး ဖြစ်အောင်ရှောင်ပါ။ လှေကားတက်ရင်လည်း လှေကားလက်ကိုင်းကို သေချာကိုင်ပြီး ကောင်းတဲ့ဒူးနဲ့ အရင်တက်ပြီးမှ မကောင်းတဲ့ဒူးနဲ့ တက်ပါ။ အဆင်းမှာတော့ မကောင်းတဲ့ခြေထောက်နဲ့ အရင်ဆင်းပြီးမှ ကောင်းတဲ့ခြေထောက်နဲ့ လိုက်ဆင်းပါ။

“လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ အလွန်အမင်းလည်း အနားမယူပါနဲ့၊ အပြင်းအထန်လည်း လေ့ကျင့်ခန်းကို ပိုမလုပ်ပါနဲ့။ ဒူးနာတဲ့အခါ လေ့ကျင့်ခန်းကို ပိုလုပ်လိုက်ရင် သက်သာမယ်ဆိုတဲ့ အတွေးကိုလည်း ဖျောက်ပစ်စေချင်ပါတယ်။”

နောက်တစ်ခုကတော့ ဖိနပ်စီးတာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ အရှိန်နဲ့ဖိအား ရှိပါတယ်။ အဲဒီဖိအားတွေ လျော့ကျသွားအောင် ဖိနပ်ထူထူပျော့ပျော့လေးတွေ ဥပမာ- Walking Shoe တွေ စီးစေချင်ပါတယ်။ ခွာသေးတဲ့ ဖိနပ်တွေကိုတော့ မစီးစေချင်ပါဘူး။ ခွာသေးတဲ့ ဖိနပ်တွေက ဒူးနာတာကို နည်းနည်းသက်သာစေပါတယ်။ လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ အလွန်အမင်းလည်း အနားမယူပါနဲ့၊ အပြင်းအထန်လည်း လေ့ကျင့်ခန်းကို ပိုမလုပ်ပါနဲ့။ ဒူးနာတဲ့အခါ လေ့ကျင့်ခန်းကို ပိုလုပ်လိုက်ရင် သက်သာမယ်ဆိုတဲ့ အတွေးကိုလည်း ဖျောက်ပစ်စေချင်ပါတယ်။ နောက်ပြီးတော့ ဒူးနာတာကို ဆေးလိမ်းတဲ့အခါ အလွန်အမင်း ပူလွန်းတာကိုလည်း ဂရုစိုက်ပါ။ ပူလွန်းတာကိုလည်း မလိမ်းပါနဲ့။

ဒူးသိပ်နာနေရင် နည်းနည်းအနားယူဖို့တော့ အကြံပေးပါတယ်။ ဒါပေမဲ့ ဒူးနာနေတဲ့ လူနာက တစ်ချိန်လုံး အနားယူနေတာလည်း ဆရာတို့ မကြိုက်ပါဘူး။ ဒူးကိုသုံးစေချင်ပါတယ်။ အဲဒီလို ပုံမှန်အသုံးပြုမှလည်း ဒူးအတွက်ရော ခန္ဓာကိုယ်အတွက်ရော အကျိုးရှိပါတယ်။ သိပ်အနားယူနေရင် ကြွက်သားတွေ သိမ်သွားတတ်ပါတယ်။ ဒူးရဲ့ခိုင်ခံ့မှု လျော့သွားတတ်ပါတယ်။ အများအားဖြင့် ဒူးနာနေရင် ဒူးကိုကွေးလိုက်တာက နည်းနည်းသက်သာပါတယ်။ အဲဒီတော့ လူနာတွေက ဒူးကိုကွေးရင်းနဲ့ ပြန်ဆန့်လို့မရတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အနားယူနေတယ်ဆိုရင်တောင်မှ တုတ်ကိုင်တာမျိုး ဒါမှမဟုတ် အရမ်းနာနေရင် လေးချောင်းထောက်လေးကိုင်ပြီးပဲဖြစ်ဖြစ် လျှောက်စေချင်ပါတယ်။ ဒူးကို တတ်နိုင်သလောက် အသုံးပြုစေချင်ပါတယ်။ ဒူးကို အနားပေးတယ်ဆိုပေမယ့်လည်း ဒီအတိုင်းငြိမ်ပြီးထားတာကို မကြိုက်ပါဘူး။ အနားယူတဲ့အချိန်မှာလည်း ဒူးကိုဆန့်ပြီး အနားယူစေချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒူးနာဝေဒနာ ရှိသူတွေကို ပြောချင်တာကတော့ ဒူးနာနေရင် စိတ်ဓာတ်မကျပါနဲ့။ စိတ်ဓာတ်ကျပြီး Depression ဝင်သွားရင် ဒူးကပိုနာတတ်ပါတယ်။ ဒူးနာတယ်ဆိုတာ တခြားရောဂါတွေနဲ့ယှဉ်ရင် သိပ်မဆိုးပါဘူး။ ဒီထက်ဆိုးတဲ့ရောဂါတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒူးနာတာလောက်လေးနဲ့ စိတ်ဓာတ်မကျလိုက်ပါနဲ့။ ကိုယ်ရဲ့လုပ်နိုင်ကိုုင်နိုင်တဲ့ အတိုင်းအတာကို ကြည့်ပြီး လုပ်နိုင်၊ ကိုင်နိုင်တဲ့အလုပ်ကို ဆက်လုပ်ပါ။ လူကောင်းအတိုင်းနေပါဆိုတာလေးကို ပြောပြလိုပါတယ်။

Most Popular

Healthy Life Ad
To Top