Healthy Life Ad
Health Tips

အဝလွန်ရောဂါက သင်၏မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေသည့် နည်းငါးသွယ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အဝလွန်တာကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ခါးနောက်ကျောနဲ့ အဆစ်ဝေဒနာတို့ ဖြစ်နိုင်ခြေကို မြင့်တက်စေရုံသာမက ကိုယ်အလေးချိန်များလွန်းတာဟာ ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အလမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အဝလွန်တာကြောင့် သင်နဲ့သင့်အိမ်ထောင်ဖက်မှာ မတူညီတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

(၁) အဝလွန်ခြင်းကြောင့် ကိုယ်တွင်းဟော်မုန်း ထိခိုက်စေနိုင်
သင့်ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမောင်းတွက်ချက်မှုအရ BMI ဟာ ၃၀နဲ့ အထက်ရှိနေရင် အဝလွန်နေပါပြီ။ ဒီအချိန်မှာ သင့်ခန္ဓာကိုယ်ထဲ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်တတ်သလို သန္ဓေတည်နိုင်ခြေလည်း လျော့ကျသွားပါတယ်။

(၂) အဝလွန်ခြင်းကြောင့် သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်ခြေကိုဟန့်တားနိုင်
အဝလွန်တာက ပုံမှန်အတိုင်း ကိုယ်ဝန်ရရှိဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ပါ။ ကိုယ်ဝန်ရရှိခဲ့ရင်လည်း ပျက်ကျနိုင်ခြေများပါတယ်။ အကြောင်းက ထုတ်လုပ်တဲ့ မမျိုးဥအရည်အသွေးမကောင်းတာကြောင့် ဖြစ်တတ်သလို ဟော်မုန်းပြဿနာကြောင့်လည်း ဖြစ်တတ်ပါတယ်။

(၃) အဝလွန်ခြင်းကြောင့် အင်ဆူလင် ခုခံနိုင်စွမ်းရှိစေနိုင်
အဝလွန်တာကြောင့်ဖြစ်တဲ့ ဟော်မုန်းမမျှတမှုဟာ အင်ဆူလင်ခုခံနိုင်စွမ်းရှိစေပါတယ်။ ဒါက ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အဓိကအချက်တစ်ခုဖြစ်ပြီး အမျိုးသမီးတွေမှာ ရာသီစက်ဝန်းပုံမမှန်တာနဲ့ မျိုးအောင်နိုင်စွမ်း ထိခိုက်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ အင်ဆူလင်ခုခံနိုင်စွမ်းရှိတာကြောင့် မမျိုးဥမကြွေတာကို ဖြစ်စေနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် မျိုးအောင်နိုင်စွမ်းတိုးစေနိုင်
ကိုယ်အလေးချိန် လျှော့ချလိုက်ရင် သင်နဲ့သင့်အိမ်ထောင်ဖက်မှာ ကိုယ်ဝန်ရရှိနိုင်ခြေများလာပါတယ်။ ကိုယ်အလေးချိန် လျော့ကျသွားတဲ့အခါ ဟော်မုန်းမမျှတတာနဲ့ တခြားအဝလွန်တဲ့ ဆိုးကျိုးတွေလည်း စတင်လျော့ကျသွားပါတော့တယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ အစာစားတဲ့ပမာဏကို လျှော့ချတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို ရွေးချယ်စားသောက်တာ စတဲ့အပြုသဘောဆောင်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို လိုက်နာရင်း ကိုယ်အလေးချိန်လျှော့ချသွားသင့်ပါတယ်။

(၅) အဝလွန်ခြင်းကြောင့် အိမ်ထောင်ဖက်၏ မျိုးအောင်နိုင်စွမ်းကို ကျဆင်းစေနိုင်
အမျိုးသမီးတွေမှာ အဝလွန်တာနဲ့ မျိုးအောင်နိုင်စွမ်းမရှိတာက ဆက်စပ်မှုရှိသလို အမျိုးသားတွေမှာလည်း သက်ရောက်မှုရှိပါတယ်။ အမျိုးသားတွေအဝလွန်ရင် တက်စတိုစတီရုန်း ကျားဟော်မုန်းလျော့ကျစေပြီး မျိုးမအောင်တာကို ဖြစ်စေနိုင်ပါတယ်။ အဝလွန်တဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုးရောဂါလည်း ဖြစ်နှုန်းမြင့်မားနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top