Healthy Life Ad
Q & A

မျိုးရိုးမရှိဘဲ ဘာကြောင့် အဝလွန်ရတာလဲ

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. တချို့လူတွေက မျိုးရိုးထဲမှာ ဝတဲ့သူမပါဘဲ တစ်ယောက်တည်း ဝနေကြပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ ဆရာ။

A. အဝလွန်တာဟာ မျိုးရိုးဗီဇမရှိဘဲ အဝလွန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ရောဂါတွေက မျိုးဗီဇမရှိဘဲ ဝနိုင်ပါတယ်။ ဥပမာ- Cushion Syndrome လို့ခေါ်တဲ့ အဒရီနယ်ဂလင်းက ဟော်မုန်းတွေများနေတဲ့ ရောဂါစုကြောင့် ဝနိုင်ပါတယ်။ တချို့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေ ဥပမာ-ကလေးတွေမှာ အဖြစ်များတဲ့ Prader Wille Syndrome ကြောင့်လည်း ဝတတ်ပါတယ်။ ဟိုက်ပိုသိုင်းရွိုက်လို့ခေါ်တဲ့ လည်ပင်းကြီးဟော်မုန်းတွေ နည်းတာကြောင့် ဝတတ်ပါတယ်။ နောက်တစ်ခုက စပ်ဆေးတွေ သောက်တာကြောင့် ဝတတ်ပါတယ်။ စပ်ဆေးတွေထဲမှာ Dexamethasone လို့ခေါ်တဲ့ စတီးရွိုက်ဆေးတွေ ပါဝင်တတ်ပါတယ်။ အဲဒီစပ်ဆေးတွေကို ဒူးနာသက်သာချင်လို့ဆိုပြီး သွားဝယ်သောက်ရင်း ဝလာတာပါ။ တချို့မိန်းကလေးတွေက ဝဆေးဆိုပြီးဝယ်ရင် ဆေးဆိုင်တွေက ဒီစတီးရွိုက်ပါတဲ့ စပ်ဆေးတွေကို ပေးတတ်ပါတယ်။

အဲဒီတော့ ဒီမိန်းကလေးက ပါးလေးချောင်ကျနေရာကနေ တဖြည်းဖြည်း ပါးလေးဖောင်းလာတယ်။ သူ့စိတ်ထဲမှာ ဝလာတယ်ထင်တာ၊ တကယ်တော့ ဖောလာတာပါ။ ဒီလိုဖြစ်ရင်းဖြစ်ရင်း စတီးရွိုက်တွေ လွန်လာပြီး Cushion Syndrome ဖြစ်လာပါတယ်။ ကုပ်ပိုးတွေ တက်လာတယ်။ မျက်နှာက လပြည့်ဝန်းကြီးလို ဖြစ်လာတယ်။ နှုတ်ခမ်းမွှေးတွေ ပေါက်လာတယ်။ အပျိုလေးတန်မဲ့ ဗိုက်ကြောတွေ ပြတ်လာတယ်။ ပိန်တဲ့မိန်းကလေး အတော်များများက ဝချင်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်ကြတာကို တွေ့ရပါတယ်။ စပ်ဆေးတွေက သောက်လိုက်ရင် ထမင်းစားလို့ ကောင်းလာတယ်၊ ကိုက်ခဲနာကျင်တာတွေ ပျောက်တယ်။ နောက်ဆက်တွဲအနေနဲ့ ဖောလာပါတယ်။ ဒါကြောင့် စပ်ဆေးတွေကို သတိထားရှောင်ဖို့ လိုပါတယ်။

“သုတေသန တွေ့ရှိချက်တွေအရ ဝတာကို လျှော့လိုက်ပါ။ ဒါဆိုရင် သွေးတိုးရောဂါဖြစ်နှုန်းလည်း ကျမယ်။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နှုန်းလည်း ကျမယ်၊ ဒူးနာဝေဒနာလည်း သက်သာမယ်။ ကင်ဆာဖြစ်နှုန်းလည်း လျော့ကျမယ်လို့ တွေ့ရှိလာရတယ်။ ဒါကြောင့် ဝတဲ့သူတွေ ကိုယ်အလေးချိန်လျှော့တာက” . . .

Q. မဝသေးတဲ့ သူတွေအနေနဲ့လည်း ကိုယ်အလေးချိန်ကို ဘယ်လိုနည်းနဲ့ ထိန်းသင့်ပါသလဲ ဆရာ။

A. မဝသေးတဲ့သူတွေက ကိုယ့်အလေးချိန်နဲ့ ကိုယ့်ခါးကို အမြဲတိုင်းနေဖို့ လိုပါတယ်။ ကိုယ်အလေးချိန်က မတက်အောင် ထိန်းရတာက ပိုလွယ်ပါတယ်။ ဝပြီးမှ ပြန်လျှော့ရတာ ခက်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အဆင်သင့်အစာ (Junk Food)တွေ စားတာများလို့ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တဲ့ ကလေးတွေ ဖြစ်လာနေပါတယ်။ ဒါကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဝတာကို ပိန်အောင်လျှော့တာက လှချင်လို့ မဟုတ်ပါဘူး။ ကျန်းမာအောင် လျှော့တာ၊ ရောဂါတွေ အန္တရာယ်ကနေ ကင်းဝေးချင်လို့ လျှော့တာ ဖြစ်ပါတယ်။

ဝပင်ဝသော်ငြား Metabolically Healthy ဖြစ်အောင် နေရပါမယ်။ ဆိုလိုတာက ဝရင် ကိုယ်အလေးချိန်ကို ထပ်တက်မလာအောင် ထိန်းရမယ်၊ ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေ တက်မလာအောင် ထိန်းရမယ်၊ ခါးအတိုင်းအတာကို လျှော့ချရမယ်။ ဒါဆိုရင် ဝရင်တောင်မှ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Q. ဝတာကို လျှော့ချတာကြောင့် ဘယ်လိုကျန်းမာရေး ကောင်းကျိုးတွေကို ရရှိစေပါသလဲ ဆရာ။

A. အရင်တုန်းက ဝတဲ့သူ ပိန်အောင်လုပ်တာက လှချင်လို့လို့ သတ်မှတ်ကြပါတယ်။ ပိန်မှလှမယ်ဆိုပြီး ပိန်ဆေးသောက်တာ၊ ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်တာတွေ လုပ်ကြတယ်။ အခု အဲဒီအယူအဆ ပြောင်းသွားပါပြီ။ သုတေသန တွေ့ရှိချက်တွေအရ ဝတာကို လျှော့လိုက်ပါ။ ဒါဆိုရင် သွေးတိုးရောဂါဖြစ်နှုန်းလည်း ကျမယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နှုန်းလည်း ကျမယ်၊ ဒူးနာဝေဒနာလည်း သက်သာမယ်။ ကင်ဆာဖြစ်နှုန်းလည်း လျော့ကျမယ်လို့ တွေ့ရှိလာရတယ်။ ဒါကြောင့် ဝတဲ့သူတွေ ကိုယ်အလေးချိန်လျှော့တာက လှချင်လို့ မဟုတ်ပါဘူး။ ကျန်းမာရေးဆိုးကျိုးတွေ မရအောင်၊ အသက်အန္တရာယ် မစိုးရိမ်ရအောင်လို့ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top