Healthy Life Ad
Health Tips

ငှက်ပျောသီးစားခြင်း၏ ထိပ်တန်းကျန်းမာရေး အကျိုးကျေးဇူး ၁၀ရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နေ့စဉ် ငှက်ပျောသီးတစ်လုံးစားပေးရင် သင့်ကျန်းမာရေးကို အကျိုးကျေးဇူး ထိထိရောက်ရောက် ရရှိစေပါတယ်။

(၁) စွမ်းအင်တိုးစေပါတယ်
ငှက်ပျောသီးနှစ်လုံးကိုပဲစားပေးရင် သင့်ကို တစ်နာရီခွဲကြာ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ စွမ်းအင် အလုံအလောက်ပေးပါတယ်။ပင်ပန်းနေတဲ့အခါနဲ့ နွမ်းနယ်နေတဲ့အခါ နေ့ခင်းအချိန်လိုမျိုးမှာ ငှက်ပျောသီးစားပေးတာ အကောင်းဆုံးပေါ့။ ကဖင်းဓာတ်နဲ့ သကြားကို မေ့ထားလိုက်ပါ။ ချိုမြိန်တဲ့ ငှက်ပျောသီးက ကဖင်းကြောင့် ရုတ်တရက်အားကုန်တာမျိုးမဖြစ်စေဘဲ ကြာကြာစွမ်းအင်ရှိနေစေပါတယ်။

(၂) အမျှင်ဓာတ်ပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာစေပါတယ်
USDA ရဲ့ လေ့လာမှုအရ ငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓာတ်သုံးဂရမ်လောက်ပါဝင်ပြီး ကြာကြာဗိုက်ပြည့်စေပါတယ်၊ အစာခြေလမ်းကြောင်းစနစ်ကို ချောမွေ့စေပါတယ်။ နံနက်စာအနေနဲ့ ငှက်ပျောသီးစားပေးရင် စွမ်းအင်အလုံအလောက်ပေးတဲ့အတွက် တစ်နေ့တာကို ကောင်းကောင်းစတင်နိုင်ပါလိမ့်မယ်။

(၃) လေဖြတ်ဝေဒနာ လျော့ကျစေပါတယ်
ပိုတက်စီယမ်ပါဝင်မှုများတဲ့အတွက် ငှက်ပျောသီးစားပေးရင် ကိုယ်တွင်းသွေးလှည့်ပတ်မှုစနစ်က နေဦးနှောက်ဆီကို အောက်ဆီဂျင်ရောက်ရှိစေပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်း ပုံမှန်ထိန်းပေးပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ကို ဟန်ချက်ညီမျှစေပါတယ်။ ဒီနည်းနဲ့ လေဖြတ်ဝေဒနာလျော့ကျစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။

(၄) ကြွက်တက်ခြင်းကို ကာကွယ်ပေးပါတယ်
ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်က လေ့ကျင့်ခန်းလုပ်ပြီး ကြွက်တက်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၅) ဝမ်းမှန်မှန်သွားစေပါတယ်
ငှက်ပျောသီးမှာ အမျှင်ဓာတ်ပါတဲ့အတွက် အူလုပ်ငန်းဆောင်တာကို ပုံမှန်ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ပြောရရင် ငှက်ပျောသီးစားရုံနဲ့ ဓာတုပစ္စည်း၊ လူလုပ်ဓာတ်တွေပါတဲ့ ဝမ်းနုတ်ဆေးကို သောက်စရာမလိုတော့ဘူးပေါ့။

(၆) စိတ်ခံစားမှု ကောင်းစေပါတယ်
ချိုမြိန်တဲ့ ငှက်ပျောသီးစားပေးရင် စိတ်ခွန်အားလည်း မြင့်တက်စေနိုင်ပါတယ်။ ငှက်ပျောသီးမှာ ထရစ်ပတိုဖန်ဆိုတဲ့ အမိုင်နိုအက်ဆစ်ပါတာကြောင့် စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ထုတ်လုပ်ပေးလို့ပါ . . ဒီနည်းနဲ့အပန်းပြေပြီး ပျော်ရွှင်စေပါတယ်။ ငှက်ပျောသီးတစ်လုံးစားပြီး စိတ်ခံစားမှု ပိုကောင်းလာတယ်လို့ စိတ်ကျရောဂါခံစားနေရသူတွေက ဆိုပါတယ်။

(၇) သွေးအားကောင်းစေပါတယ်
သံဓာတ်ချို့တဲ့သူတွေမှာ ငှက်ပျောသီးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သံဓာတ်ပေးစွမ်းနိုင်ပါတယ်။ အဲဒီတော့ သွေးအား (ဟေမိုဂလိုဘင်) ထုတ်လုပ်မှုအားကောင်းပြီး ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရပြီးချိန်မှာတောင် မြန်မြန်သွေးခဲစေတယ်လေ။

(၈) ကိုယ်အလေးချိန် ထိန်းပေးပါတယ်
ငှက်ပျောသီးမှာ ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် သင့်ခါးအတိုင်းအတာ၊ သင့်ကျန်းမာရေးကို မထိခိုက်စေဘဲ သင့်ကိုချိုမြိန်တဲ့ အရသာပေးနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ၁၁၀ ကယ်လိုရီလောက်ပဲရှိတဲ့ ငှက်ပျောသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်မှုများနေတာပါ။

(၉) လေ့ကျင့်ခန်းလုပ်ပြီး သောက်သင့်ပါတယ်
လေ့ကျင့်ခန်းလုပ်ပြီးနောက် ငှက်ပျောသီးဖျော်ရည်သောက်ပေးရင် ရလာတဲ့ကာဗိုဟိုက်ဒရိတ်ကို ခန္ဓာကိုယ်က အဓိကစွမ်းအင်အရင်းအမြစ်အဖြစ် သုံးနိုင်ပါတယ်။

(၁၀) မဂ္ဂနိစ်ပါဝင်ပါတယ်
အလတ်စားငှက်ပျောသီးတစ်လုံးမှာ မဂ္ဂနိစ် သုညဒသမ သုံးမီလီဂရမ်လောက် ပါဝင်နေပါတယ်။ အရွယ်ရောက်သူတွေက တစ်နေ့ မဂ္ဂနိစ် ၁ ဒသမ ၈ မီလီဂရမ်နဲ့ နှစ်ဒသမ သုံးမီလီဂရမ်ကြား လိုအပ်နေပါတယ်။ နေ့စဉ်ရရှိတဲ့ မဂ္ဂနိစ်က အရိုးကျန်းမာဖို့၊ ခန္ဓာကိုယ်ဇီဝကမ္မလှုပ်ရှားမှု ပြုလုပ်ဖို့အတွက် လိုအပ်ပါတယ်။ ငှက်ပျောသီးမှာ အဆီနဲ့ ကိုလက်စထရော ပါဝင်မှုမရှိတဲ့အတွက် ပြန်စဉ်းစားလိုက်မယ်ဆိုရင် ငှက်ပျောသီးဟာ လူတွေအတွက် ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစာတစ်မျိုးဖြစ်တယ်ဆိုတာ ကောင်းကောင်းသဘောပေါက်နိုင်မှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top