Healthy Life Ad
Health Tips

အက်စ်ပရင်ဆေးပြားရှိရုံဖြင့် သက်သာစေမည့် ဝေဒနာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အက်စ်ပရင်ဆေးပြားကို ကိုက်ခဲနာကျင်မှုနဲ့ ဖျားနာတဲ့ ဝေဒနာတွေအတွက်ပဲ သုံးရတယ်လို့ သင်ထင်နေပါသလား။ တကယ်တော့ အက်စ်ပရင်ဆေးပြားရှိရင် တချို့ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

– ဝက်ခြံတွေကို သက်သာစေပါတယ်
အက်စ်ပရင်ဆေးက ရောင်ရမ်းမှုကို ဟန့်တားတဲ့အစွမ်းရှိတာကြောင့် ဝက်ခြံအဖုအပိမ့်တွေကို သက်သာစေပါတယ်။ အက်စ်ပရင်ဆေးပြား နှစ်ပြား-သုံးပြားကို ကြိတ်ချေပြီး သံပရာရည်နဲ့ ရောမွှေလိုက်ပါ။ ပြီးရင် ဝက်ခြံအဖုတွေပေါ်လိမ်းပေးပါ။ အချိန်နှစ်မိနစ်လောက်ကြာမှ ခေါင်းလျှော်ချရမှာဖြစ်ပါတယ်။ ဒါလိမ်းပြီး နေပူထဲထွက်တာကို ရှောင်ပါ။

– အင်းဆက်ပိုးမွှားအကိုက်ခံရတဲ့ အဖုအပိမ့်တွေကို သက်သာစေပါတယ်
အက်စ်ပရင်ဆေးပြားဟာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ခြင်ကိုက်ဖုကြောင့်ဖြစ်တဲ့ ယားယံတဲ့ဝေဒနာကို သက်သာစေပါတယ်။ အက်စ်ပရင်ဆေးပြားကို ရေထမင်းစားဇွန်းတစ်ဇွန်းနဲ့ရောမွှေပြီး အဖုအပိမ့်နေရာပေါ် လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာထားပြီးမှ ရေနဲ့ဆေးချလိုက်ပါ။

– အရေပြားအစက်အပြောက်တွေကို လျော့ပါးစေပါတယ်
အက်စ်ပရင်မှာ ဆီပျော်ပါဝင်ပစ္စည်းတွေပါတာကြောင့် မျက်နှာသစ်ဆေးထုတ်လုပ်ရာမှာ သုံးလေ့ရှိပါတယ်။ အက်စ်ပရင်ဆေးပြား ၇ ပြားကို ကြိတ်ချေပြီး ဒိန်ချဉ် ထမင်းစားဇွန်း သုံးဇွန်း၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းတို့နဲ့ ရောမွှေလိုက်ပါ။ ပြီးရင် ရလာတဲ့အရောအနှောကို သန့်စင်ထားတဲ့ မျက်နှာပေါ်လိမ်းပါ။ ၁၅ မိနစ်ကြာထားပြီး ရေနဲ့ဆေးလိုက်ရင် အသားအရေတောက်ပြောင်ကာ ချောမွေ့နေပါလိမ့်မယ်။

– ဗောက်ပျောက်စေပါတယ်
ဗောက်ထတာက ဦးရေပြားကို ယားယံစေရုံသာမက ကြည့်ရဆိုးစေပါတယ်။ ဗောက်ကင်းစင်ဖို့ အက်စ်ပရင်ဆေးပြားနှစ်ပြားကို ကြိတ်ချေပြီး လျှော်နေကျ ရှမ်ပူထဲထည့်ကာ လျှော်ပေးပါ။

– ကြေးချွတ်အစွမ်း ရှိပါတယ်
အက်စ်ပရင်မှာ မျက်နှာပေါ်က ဆဲလ်သေတွေကို ကွာကျစေတဲ့ ကြေးချွတ်အစွမ်းရှိပါတယ်။ ဒါ့အပြင် အဆီပြန်တာနဲ့ ချွေးပေါက်ကျယ်တာကို သက်သာလျော့ပါးစေပါတယ်။ အက်စ်ပရင်တစ်ပြားကို ရေနဲ့ရောပြီး မျက်နှာပေါ် ခဏတာလိမ်းပေးပါ။

– ဆံပင်သားထိခိုက်မှုကို ပြန်လည်ပြုပြင်ပေးပါတယ်
အက်စ်ပရင်ဆေးပြားကို ရေနွေးအကြမ်းပန်းကန်လုံး တစ်ခွက်ထဲထည့်ကာ ဆံပင်တွေကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာမှ ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။

– အဝတ်အစားက ချွေးစွန်းကွက်တွေကို ဖယ်ရှားပေးပါတယ်
အက်စ်ပရင်က အဝတ်အစားတွေကို သစ်လွင်စေပါတယ်။ ရေနွေးနွေးထဲမှာ အက်စ်ပရင်ဆေးပြား တစ်ပြားစိမ်ကာ ချွေးစွန်းကွက်ရှိတဲ့ အင်္ကျီကိုစိမ်ထားပါ။ တစ်ညလုံးထားပြီး နောက်နေ့မှာ အဝတ်အစားကို ခါတိုင်းလို လျှော်ချလိုက်ပါ။

– ခြေထောက်အသားမာတက်တာကို သက်သာစေပါတယ်
ကြိတ်ချေထားတဲ့ အက်စ်ပရင်ဆေးပြား ၇ ပြားနဲ့ သံပရာရည် ထမင်းစားဇွန်းတစ်ဝက်ကို ရောမွှေပြီး စေးပျစ်အောင်ဖျော်ပါ။ ခြေဖနောင့်မှာ လိမ်းပေးပြီး အဝတ်နွေးနွေးတစ်ခုနဲ့ အုပ်ထားပါ။ အချိန် ၁၀ မိနစ် အကြာမှာ ကြေးတွန်းကျောက်နဲ့ ကြေးချွတ်လိုက်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top