Healthy Life Ad
Health Tips

ကျန်းမာတဲ့ အိမ်ထောင်မှုဘဝပိုင်ဆိုင်စေဖို့ဆိုရင် . .

၊ ကိုထက် ၊

အိမ်ထောင်တစ်ခုမှာ လိင်မှုဘဝ(Sex)ကျန်းမာအဆင်ပြေမှ သာယာချမ်းမြေ့မှုကိုရရှိနိုင်ပါတယ်။ ကျန်းမာတဲ့လိင်မှုဘဝရရှိစေဖို့ရာအတွက် အိမ်ထောင်ရှင်တွေဟာ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးမှုရှိသင့် သလို သစ္စာတရားလည်းထားရှိဖို့ အရေးကြီးပါတယ်။

အိမ်ထောင်သည်ဘဝ အဆင်ပြေလိုသူတိုင်း သိထားသင့်သည့်အခြေခံအချက်များ

အဆင်ပြေတဲ့ လိင်မှုဘဝဆိုတာ အိမ်ထောင်ရှင်စုံတွဲတွေကြားမှာ မတူကွဲပြားနေပါတယ်။ အကြောင်းကတော့ အိမ်ထောင်သည်တိုင်းမှာ မတူညီတဲ့လိင်မှု ဘဝလိုအပ်ချက်တွေ ရှိနေလို့ပါ။ ဒီလိုအကြောင်းအရာတွေက ကျယ်ပြန့်လှတာကြောင့် အိမ်ထောင်သည်တိုင်း သိထားသင့်တဲ့ကျန်းမာတဲ့လိင်မှုဘဝအကြောင်း အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။

* အိမ်ထောင်ဖက်နှစ်ဦးစလုံး စိတ်ကျေနပ်မှု ရှိရပါမယ်။

* တစ်ဦးက ငြင်းဆန်တဲ့အခါ အတင်းအကျပ်တောင်း ဆိုတာမျိုးမလုပ်သင့်ပါဘူး။ ဘယ်လိုအချိန်၊ဘယ်လို အခြေအနေမှာမဆို ငြင်းဆန်ပိုင်ခွင့် ရှိရပါမယ်။

* တစ်ဦးနဲ့တစ်ဦး အပြန်အလှန် တန်ဖိုးထားလေးစားမြတ်နိုးမှုရှိဖို့ လိုအပ်ပါတယ်။

* လိင်မှုဆိုင်ရာ အတွေ့အကြုံတွေနဲ့ ပတ်သက်လာရင် ပွင့်ပွင့်လင်းလင်းပြောပြတာ၊ ဝန်ခံတာမျိုးရှိသင့်ပါတယ်။

အန္တရာယ်ကင်းပြီး စိတ်ချရသော လိင်မှုဘဝ

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့လိင်မှုဘဝရရှိစေဖို့ သင်နဲ့သင့်အိမ်ထောင်ဖက်နှစ်ဦးစလုံးဟာ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးဖို့အထူးအရေးကြီး ပါတယ်။ ဆိုလိုတာက တခြားသူတစ်ဦးနဲ့ လိင်ဆက်ဆံမှု(Sex)လုံးဝမရှိဖို့ပါ။ ဒါဆိုရင်သင်တို့မှာ HIV နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကင်းစင်နေမှာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ရောဂါဖြန့်ဝေ တဲ့ အဖြစ်မျိုးလည်း မရှိနိုင်တော့ပါဘူး။ တကယ်လို့အပျော်ရှာမိတဲ့အခါ လိင်မှတစ်ဆင့် ရောဂါကူးစက်မှုမခံရအောင် အကောင်းဆုံးကာကွယ်နည်းက ကွန်ဒုံး ကိုနည်းလမ်းတကျနဲ့ မှန်မှန်ကန်ကန် အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။

အိမ်ထောင်မှုဘဝအတွက် ချစ်စိတ်တိုးစေသည့်အရာများ

* ဇင့်(သွပ်) ဓာတ်ရရှိစေတဲ့ ကမာနဲ့အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဟာ အိမ်ထောင်ရှင်အမျိုးသားတွေကို စွမ်းဆောင်ရည် ကောင်းမွန်စေပါတယ်။

* ချီကာဂိုအနံ့နဲ့ အရသာဆိုင်ရာ လတ်တလော လေ့လာမှုတွေအရ နွယ်ချိုနဲ့ဒိုးနပ်မုန့်ဝိုင်းအနံ့တွေက အမျိုးသားတွေရဲ့ လိင်အင်္ဂါဆီ သွေးစီးဆင်းမှုကို ၃၂ ရာခိုင်နှုန်း၊ လာဗန်ဒါရနံ့နဲ့ ရွှေဖရုံယို အနံ့တွေက ၄၀ ရာခိုင်နှုန်းအသီးသီး တိုးစေတယ်လို့ ဖော်ပြထားပြီး သခွားသီးအနံ့နဲ့သကြားလုံးအနံ့တွေကတော့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေမှာ သွေးစီးဆင်းမှုကို တိုးစေကာအသားကင်အနံ့နဲ့ ချယ်ရီသီးအနံ့တွေကတော့ လျော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။

သက်ကြီး အိမ်ထောင်ရှင်များ သာယာစေရန်

သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ ကျန်းမာရေး ကောင်းမွန်နေတယ်ဆိုရင် ဘယ်အသက်အရွယ်ပဲ ရောက်ရောက် ချစ်ချစ်ခင်ခင် လိင်ဆက်ဆံနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အိုမင်းတဲ့ ဖြစ်စဉ်တစ်ခုတည်းကြောင့် ခင်ပွန်းနဲ့ဇနီးချစ်ချစ် ခင်ခင်မနေရဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ဒီအချိန်မှာ အတူနေဖို့ အဆင်မပြေရင်တောင် လက်ချင်းဆုပ် ကိုင်တာ၊ ပွေ့ဖက်တာ၊ အကြင်နာပေးတာစတဲ့ အရေပြားချင်းထိတွေ့မှုမျိုးနဲ့ ကြည်နူးသာယာမှုရယူနိုင်ပါတယ်။ ဒီလိုအရေပြားချင်း ထိတွေ့မှုကြောင့် ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင်ဟော်မုန်းတွေအထွက်တိုးပြီး စိတ်ကြည်နူးချမ်းမြေ့မှုကိုရရှိစေပါတယ်။ ဒါကလည်း အိမ်ထောင်ရေးသာယာချမ်းမြေ့စေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top