Healthy Life Ad
Life Style

အမွန်း၏ ကျန်းမာလှပ လူမှုဘဝ

– တစ်နေ့တာ အသားအရေထိန်းသိမ်းဖြစ်ပုံလေး ပြောပြပေးပါ။
အမွန်းက မျက်နှာသန့်စင်မှု (Cleansing)ကို အဓိကထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမွန်းတို့က နိစ္စဓူဝ မိတ်ကပ်တွေလိမ်းတယ်။ ဖုန်တွေကြားထဲ သွားလာနေရတယ်။ အဓိက အသားအရေကြည်ဖို့နဲ့ အဖုအပိမ့်တွေ မထွက်အောင်ဆိုရင် Cleansing ကို အဓိက လုပ်ရပါတယ်။ မျက်နှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ပဲဖြစ်ဖြစ် အဓိကက အိမ်ရောက်ပြီဆိုရင် မိတ်ကပ်သေချာဖျက်တယ်။ Body ကိုလည်း Scrub လုပ်တယ်။ အဲဒီလို Cleansing လုပ်ပြီးမှ Moisturizer ကိုလိမ်းတယ်။ အလုပ်မရှိရင် မိတ်ကပ်မလိမ်းဘဲနေဖြစ်တယ်။

– ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်လေ့ ရှိသလဲ။
ရေများများသောက်ရတယ်။ ပြီးရင် အိပ်ရေးဝ၀ အိပ်ရတယ်။ အဲဒီနှစ်ခုက အရေးပါပါတယ်။ အိပ်ရေး ဝ၀အိပ်ဖို့ကလည်း အခရာကျပါတယ်။

– အပြင်အစားအစာတွေ စားဖြစ်လား။ အိမ်မှာရော ချက်စားဖြစ်လား။
အမွန်းက အပြင်အစားအစာ အရမ်းကြိုက်တယ်။ တုတ်ထိုးဆိုလည်း ဝင်စားဖြစ်တာပဲ။ ဒါပေမဲ့ အခုက မိုးရာသီဆိုတော့ သတိထားပြီးတော့ စားရတာပေါ့။ အိမ်မှာဆိုရင် နံနက်စာ လုပ်စားတာမျိုးရှိတယ်။ အသီးအရွက်တွေကြော်စားတာမျိုး လွယ်တဲ့အစားအစာလေးတွေ ချက်စားဖြစ်တယ်။ အများကြီးတော့ ချက်မစားဖြစ်ပါဘူး။

– အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖြစ်လား။
သကြားအများကြီးနဲ့ အဆီဓာတ်အများကြီး မစားဖြစ်အောင် ကြိုးစားတယ်။ ဒါပေမဲ့ အမွန်းက ဆီကြော်တွေနဲ့ အချိုတွေကို ကြိုက်တော့ ဒုက္ခရောက်တယ်။ အဲ့ဒါကြောင့် အသီးအရွက်နဲ့ သစ်သီးဝလံတွေကို မျှတအောင် ပြန်စားဖြစ်တယ်။

– စိတ်ဖိစီးမှုကိုရော ဘယ်လိုဖြေဖျောက်ပစ်လဲ။
စိတ်ကိုလွှတ်ပစ်လိုက်တယ်။ ငိုစရာရှိ ငိုလိုက်တယ်။ ရယ်စရာရှိ ရယ်ပစ်လိုက်တယ်။ အဲ့လိုနည်းနဲ့ပဲဖြေဖျောက်ပစ်တယ်။ ကိုယ်သာလျှင် ကိုယ့်ရဲ့ စိတ်ဆရာဝန်ပေါ့။ ပြောချင်တဲ့ စကားတွေရှိရင်လည်း အမွန်းမှန်ထဲကြည့်ပြီး ကိုယ့်ဘာသာ စကားပြောလိုက်တာပဲ။ အဲ့လိုမျိုး စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပစ်လိုက်တာပဲ။ နောက်နေ့ကျ စိတ်ကလန်းသွားရော။

– အမွန်းရဲ့ အိပ်ချိန်တွေကို ဘယ်လိုအရာတွေက ခိုးယူထားလဲ။
ဖေ့စ်ဘွတ်ခ်သုံးတာပဲဖြစ်ဖြစ်၊ အွန်လိုင်းပေါ်မှာ စာဖတ်တာကြာသွားရင်ပဲဖြစ်ဖြစ် တော်တော်နဲ့အိပ်မပျော်တော့ဘူး။ အဲ့ဒီတော့ အိပ်ရေးမဝဘူး။ မနက်ကျတော့ ကိုယ့်ကိုယ်ကိုယ် နောင်တရတယ်။ အဲ့ဒီအကျင့်တွေ ပြင်နိုင်အောင်လည်း ကြိုးစားတယ်။ ညအိပ်ရင် အနားမှာ ဖုန်းတွေမထားတာ အကောင်းဆုံးပဲ။ ခုတင်ဘေးမှာမထားတော့ဘူး။ ကြမ်းပြင်ပေါ်မှာပဲ ပစ်ချထားလိုက်တယ်။ ရေဒီယိုလှိုင်းတွေက အိပ်တာကို အားမဖြစ်စေဘူး။ အဲ့ဒါကြောင့် အဲ့ဒါတွေကို ဝေးဝေးမှာထားတာ ကောင်းပါတယ်။

– မိသားစု ဆွေမျိုးတွေကိုရော ဘယ်လိုမျိုး ကျန်းမာရေး အကြံဉာဏ်တွေပေးဖြစ်သလဲ။
အဓိကက အမွန်းအချိန်နဲ့ အိပ်ဖို့၊ အချိန်နဲ့ စားဖို့ အကြံပေးတယ်။ အချိန်နဲ့မအိပ်၊ အချိန်နဲ့ မစားတဲ့သူက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ အိပ်ချိန် သတ်သတ်မှတ်မှတ်မရှိရင်လည်း နရီစည်းဝါး မမှန်နိုင်ဘူး။ သူတို့ကလည်း အမြဲအကြံပေးကြပါတယ်။ အမွန်းလည်း ကိုယ့်ကိုယ်ကိုယ် အမြဲ ဆုံးမရတယ်။

– ကျန်းမာရေးစစ်ဆေးမှု ခံယူတာမျိုးရောရှိလား။
အမွန်းက လိုအပ်ရင်လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်မသင်္ကာရင် Check up လုပ်ပစ်လိုက်တယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုရင်လည်း အမွန်း အသက် ၂၅ နှစ်မပြည့်ခင်ကတည်းက ထိုးပြီးသွားပြီ။ ကာကွယ်ထားသင့်တဲ့အရာမျိုးတွေ အကုန်လုံးကို ကာကွယ်ထားပါတယ်။

– ပရိသတ်တွေကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအကြံဉာဏ်ပေးချင်ပါသလဲ။
ပရိသတ်တွေကို အကြံပြုချင်တာက လူကြီးဆိုလည်း လူကြီးအလျှောက် ကျန်းမာရေး စစ်ဆေးမှုလုပ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တော့ ချွေးထွက်ပြီး စိတ်ရောကိုယ်ရောလန်းတယ်။ အဲ့ဒါကြောင့် လေ့ကျင့်ခန်းကို နာရီဝက်လောက်တော့ လုပ်သင့်ပါတယ်လို့။ ကိုယ်တစ်ခုခု နေမကောင်းပြီဆိုတာနဲ့ ဆရာဝန်ဆီသွားဖို့ ဝန်မလေးပါနဲ့။ အချိန်မဆွဲပါနဲ့လို့။ တချို့က ပေါ့တတ်တယ်။ သေးသေးလေးကနေ အကြီးကြီးဖြစ်သွားမှ ကယ်မရတာမျိုးတွေ ဖြစ်တတ်တယ်။

ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲနေလဲ၊ အဖုအကျိတ်လေးကအစ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းဆန်းစစ်နေပါ။ လူငယ်တွေအတွက် ပြောချင်တာက လူငယ်ဘဝဆိုတာ နှစ်ခါပြန်မရနိုင်ဘူး။ ဒီအချိန်မှ မလန်းရင် ဘယ်အချိန်မှ လန်းမှာမဟုတ်တော့ဘူး။ ဒီအချိန်မှ ရောဂါဖြစ်နေရင် ဘယ်အလုပ်မှ မလုပ်နိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ပညာပေးထားပါ။ ကျန်းမာရေးနဲ့ပတ်သက်လို့အမြဲတမ်း ဂရုစိုက်နေပါလို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top