Healthy Life Ad
Health Tips

အသက်ကြီးလာချိန်မှာ လူငယ်လူရွယ်လို သွက်လက်ဖျတ်လတ်နေအောင် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်အရွယ်ကြီးလာရင် ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်က ပုံမှန်ထက် ကျဆင်းလာတာကြောင့် လူငယ်တွေနဲ့ယှဉ်ရင် ပိုပြီး ရောဂါရလွယ်ပါတယ်။ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်လွယ်ပြီး ဟော်မုန်းအားနည်းတာကြောင့် ခွန်အား ကျဆင်းတတ်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတဲ့အခါ ဆီးကျိတ်ဆိုင်ရာရောဂါတွေအဖြစ် များလာသလို အမျိုးသမီးတွေမှာ သားအိမ်ရောဂါတွေ ဖြစ်လာတတ်ပါတယ်။

– အာဟာရ ပြည့်ဝအောင် မှီဝဲပါ

ယေဘုယျအားဖြင့် အသက်ကြီးလာတဲ့အခါမှာ ကိုယ်ခံစွမ်းအားက ကျဆင်းသွားတာကြောင့် ရောဂါတစ်ခုခုဝင်လာချိန်မှာ လူငယ်တွေလောက် ခံနိုင်ရည်မရှိပါဘူး။ အသက်ကြီးလာတဲ့အခါမှာ ကိုယ်ခံအားကျတာကြောင့် ကူးစက်ပိုးတွေ ဝင်တာ၊ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ ချို့ယွင်းတာတွေ ဖြစ်လာပါတယ်။ ဒါလိုမျိုး တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်အားနည်းချည့်နဲ့လာတာကို လူကြီးရောဂါလို့တောင် တချို့က ခေါ်ပါတယ်။အသက်ကြီးသူတွေအနေနဲ့ နေ့စဉ် စားတဲ့ အစားအသောက်တွေကို အာဟာရပြည့်ဝအောင် စားသောက်ရင် အားဆေးဆိုပြီး သီးသန့်မှီဝဲစရာ မလိုပါဘူး။ ကာဗိုဟိုက်ဒရိတ်ဓာတ်၊ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်စတဲ့ အာဟာရဓာတ်တွေ အစုံအလင်ပါတဲ့ မျှတတဲ့ အစားအသောက်ကို စားပေးဖို့လိုပါတယ်။ အစားအသောက်စားတဲ့အခါမှာ ဘယ်တော့မှ အလွန်အကြူးမစား သင့်ပါဘူး။ နည်းနည်းနဲ့ မကြာခဏ စားပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

– အပြင်စာကို တတ်နိုင်သမျှ ရှောင်ပါ

အဆီအအိမ့်စာတွေ၊ အချိုကဲ၊ အငန်ကဲတဲ့အ စာတွေ၊ အဆင်သင့်အစာတွေကို ရှောင်သင့်ပါတယ်။ အပြင်က အစာတွေကို တတ်နိုင်သမျှ ရှောင်ပြီး အိမ်မှာ ကျန်းမာရေးနဲ့ညီအောင် ချက်ထားတဲ့ အစားအစာတွေကိုပဲ ပူပူနွေးနွေး စားပေးသင့်ပါတယ်။

– လူမှုရေးနှင့် ဘာသာရေးအလုပ်များ လုပ်ပါ

အလုပ်လက်မဲ့ဖြစ်သွားတဲ့အချိန်မှာ အတွေးမျိုးစုံကို တွေးဖြစ်တာကြောင့် စိတ်ဓာတ်ကျရတတ်ပါတယ်။ အဲဒီတော့ စိတ်ကို အလုပ်ပေးတဲ့အနေနဲ့ ဘာသာရေး၊ လေ့ကျင့်ခန်း၊ လူမှုရေး စတာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ ထိုင်ပြီး တွေဝေနေတာမျိုး၊ လှဲလျောင်းပြီး မှိုင်နေတာမျိုးကို ရှောင်သင့်ပါတယ်။ ဥယျဉ်ခြံမြေစိုက်ပျိုးတာ၊ အိမ်မှုကိစ္စလုပ်တာ၊ ဘုရားသွားကျောင်းတက်လုပ်တာနဲ့ ရပ်ရွာကိစ္စတွေမှာပါဝင် ဆောင်ရွက်တာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

– နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ

အသက်ကြီးလာပြီဆိုတာနဲ့ ကျန်းမာရေး စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ စစ်ဆေးသင့်တာတွေ ကတော့ ရောဂါဝေဒနာတစ်စုံတစ်ရာ ခံစားနေရတယ်ဆိုရင် ကိုယ်ခံစားနေရတဲ့ ဝေဒနာကို အခြေခံ ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကိုခံယူသင့်ပါတယ်။ ယေဘုယျအနေနဲ့ စစ်ဆေးသင့်တာတွေကတော့ နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ အသည်း၊ အရိုးအဆစ် စတာတွေနဲ့ ပတ်သက်တဲ့ရောဂါတွေရှိ၊ မရှိစစ် ဆေးသင့်ပါတယ်။ သွေးတိုးရောဂါရှိ၊ မရှိ စစ်ဆေး သင့်သလို ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေ ရှိ၊မရှိကိုလည်း ရှာဖွေစစ်ဆေးသင့်ပါတယ်။

– ဇရာကို တည်ငြိမ်စွာ လက်ခံပါ

လူတိုင်း အိုရမှာပါ။ ဒါက ဇရာသဘောသဘာဝဖြစ်တာကြောင့် ရှောင်လွှဲလို့ မရပါဘူး။ ဇရာကို ရင်ဆိုင်ဖို့ ကြောက်ရွံ့မနေဘဲ စိတ်ကို တည်ငြိမ်စွာ ထားသင့်ပါတယ်။ ကျက်သရေရှိရှိ အိုမင်းနိုင်ဖို့သာ စိတ်နဲ့ ကိုယ်ကို ပြင်ဆင်ထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top