Healthy Life Ad
International

ပညာသင်ခါမရှက်ရာ၊ ၆၈နှစ်အရွယ် နီပေါအထက်တန်းကျောင်းသား

မိုးမင်းထွန်း

ဒါဂကန်မီဟာ သူ့ဇနီးသေဆုံးသွားပြီးနောက် တစ်ယောက်တည်း အထီးကျန်ဘဝက လွတ်မြောက်ဖို့ ကျောင်းပြန်တက်ခဲ့ပါတယ်။

၁၀တန်းကျောင်းသား ကန်မီက ကျောင်းဝတ်စုံကိုဝတ်ဆင်ပြီး ကျောင်းကိုပုံမှန်သွားနေပါတယ်။ သူရဲ့ကျောင်းသွားဖော်ကတော့ အသက် ၁၄ နှစ်အရွယ် စဂါးသာပပဲဖြစ်ပါတယ်။ ကလေးဘဝတုန်းကတော့ ကန်မီဟာ ဆရာတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမယ့် မိဘတွေရဲ့စီးပွားရေး မပြေလည်တာကြောင့် ကျောင်းကထွက်ခဲ့ရပါတယ်။ အခု ကလေးခြောက်ယောက်ဖခင်၊ မြေးရှစ်ယောက်တို့ရဲ့အဘိုး ကန်မီက တစ်ပတ်ခြောက်ရက် ကျောင်းသွားနေပါပြီ။

အတန်းဖော်တွေနဲ့ အုတ်အုတ်ကျက်ကျက်ဖြစ်တဲ့စာသင်ခန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အထီးကျန်အိမ်လေးထဲမှာ ကန်မီဟာ တစ်ယောက်တည်း နေထိုင်ရပါတယ်။ သူ့အိမ်လေးဟာ အမိုးယိုပြီး မီးခဏခဏပျက်တတ်သလို တစ်အိုးတစ်အိမ် ထူထောင်သွားတဲ့ သားသမီးတွေလည်း မရှိတော့ပါဘူး။ “ကျွန်တော့်ရဲ့ဝမ်းနည်းစရာတွေ မေ့ပစ်နိုင်ဖို့ ကျောင်းပြန်တက်ခဲ့တယ်”လို့ အသက် ၁၄- ၁၅ နှစ်အရွယ် အတန်းဖော်တွေနဲ့အတူ ကျောင်းတက်နေတဲ့ ကန်မီက ဆိုပါတယ်။

သူ့ရဲ့အတန်းဖော်တွေက သူ့ကို “ဘာ”လို့ ခေါ်ကြပြီး ဒါကမြန်မာလို “အဖေ”လို့အဓိပ္ပာယ်ရပါတယ်။ ကျောင်းအနားပေးချိန်မှာ သူက အတန်းဖော်တွေနဲ့ ဘော်လီဘောကစားလေ့ရှိပါတယ်။ ကျောင်းမှန်မှန်တက် စာမှန်မှန်ကျက်နေတဲ့ ကန်မီက ပညာသင်ယူဖို့ နောက်ကျတယ်ဆိုတာမရှိဘူးလို့ ယုံကြည်ကြောင်း ပြောပါတယ်။ မုတ်ဆိတ်ဖြူနေတဲ့ အဘိုးကြီးတစ်ယောက် ကျောင်းတက်နေတာကိုမြင်ရင် တခြားသူတွေလည်း ပညာသင်ယူချင်စိတ်ဖြစ်ပေါ်လာဖို့ မျှော်လင့်ကြောင်းလည်း သူကဆက်ပြောပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top