Healthy Life Ad
Life Style

ဖူးပွင့်သခင်၏ ကျန်းမာလှပလူမှုဘဝ

လတ်တလော အနုပညာဆောင်ရွက်မှု

အခုလက်ရှိမှာ ဗီဒီယိုကားတွေရိုက်ဖြစ်နေပါတယ်။ သီချင်းတွေလည်း ဆိုဖြစ်နေပါတယ်။ ရုပ်ရှင်ကားကြီးက သင်္ကြန်အပြီးလောက်ရိုက်ဖို့ ရှိပါတယ်။ ညီမကအခုလက်ရှိမှာ ဇာတ်ကားပေါင်း ၈၀ ကျော် ၉၀ နီးပါး ရိုက်ပြီးသွားပါပြီ။

အသားဖြူဖို့ထက် အသားအရေကြည်လင်စိုပြည်ဖို့ ဦးစားပေးထိန်းသိမ်းဖြစ် . . .

ညီမကအသားအရေက အရမ်းဂရုစိုက်ရတဲ့အထဲမှာတော့ မပါပါဘူး။ အဓိကကျန်းမာရေးကောင်းဖို့ကို ပိုဦးစားပေးဖြစ်တယ်။ ပြီးတော့ ရေများများသောက်တယ်။ လူအတော်များများက ရေသောက်ရင် အသားအရေလှတယ်ဆိုတာသိပေမယ့် သိပ်မလုပ်ဖြစ်ကြဘူး။

အသားအရေလှဖို့က အပြင်ပိုင်းအသားအရေကို လိုးရှင်းလိမ်းပြီးထိန်းသိမ်းတာထက် အစားအသောက်၊ အသီးအနှံတွေစားတာ၊ အရည်များများသောက်ပေးတာက ပိုပြီးထိရောက်မှုရှိတယ်လို့ထင်တယ်။

အသားညိုတာ၊ ဖြူတာက အရေးမကြီးဘူး။ အသားအရေစိုပြည်ဖို့က အဓိကကျပါတယ်။ အကောင်းစားလိုရှင်းတွေသုံးတာထက် ကျန်းမာရေးနဲ့ညီညွတ်ပြီး အသားအရေအတွက်အာဟာရဖြစ်စေတဲ့ အစားအသောက်တွေမှီဝဲတာက ပိုပြီးအသားအရေကို လှပစေပါတယ်။


မိတ်ကပ် သေချာဖျက်လေ့ရှိ . . .

မျက်နှာက မိတ်ကပ်အမြဲလိမ်းရတော့ သေချာဂရုစိုက်ဖြစ်ပါတယ်။ ကားရိုက်တွေက အမြဲတမ်းရှိတယ်။ မိတ်ကပ်လိမ်းထားတဲ့မျက်နှာတွေက နေပူဒဏ်ထိရင် ပိုပျက်စီးတတ်တယ်။ အဲ့ဒါကြောင့် အိမ်ပြန်ရောက်ရင် ခရင်မ်တစ်ခုခုနဲ့ပြန်ဖျက်တယ်။ မျက်နှာကိုမိတ်ကပ်ပျက်အောင် သေချာသစ်တယ်။ တစ်ခါတလေမျက်နှာကို ပေါင်းတင်ဖြစ်ပါတယ်။

ခရင်မ်တွေနဲ့သိပ်မတည့်တဲ့ အသားအရေအမျိုးအစား . . .

ညီမအသားအရေက ထိခိုက်လွယ်တယ်။ အဓိကခရင်မ်တွေနဲ့ သိပ်မတည့်ဘူး။ ကိုယ်မသုံးဖူးတဲ့ အလှကုန်ပစ္စည်းသုံးရင် ချက်ချင်းဓာတ်မတည့်မှုဖြစ်တတ်တယ်။ ပြီးတော့ညီမအသားအရေက တော်ရုံတန်ရုံဆို ဝက်ခြံသိပ်မပေါက်ဘူး။ နေပူဒဏ်အရမ်းထိရင်တော့ ဝက်ခြံဖုလေးတွေထွက်တတ်ပါတယ်။
မန္တလေးမှာကားရိုက်တုန်းက နေကာခရင်မ်လိမ်းပြီး ဓာတ်မတည့်တာဖြစ်ဖူးတယ်။ ကားရိုက်နေတုန်း ညီမ Mood ထည့်ပြီး သရုပ်ဆောင်နေပေမယ့် အသားအရေကအရမ်းယားလာတော့ အဆင်မပြေဖြစ်လို့ ဆေးခန်းအမြန်သွားပြခဲ့ရဖူးပါတယ်။

ဖူးပွင့်သုံးနေကျ မိတ်ကပ်အမျိုးအစား . . .

MAC သုံးတယ်။ ပြီးတော့ညီမက မိတ်ကပ်ကိုကိုယ်တိုင်ပြင်တာများတယ်။ မိတ်ကပ်ဆရာနဲ့ပြင်တာက နည်းပါတယ်။ ညီမကမိတ်ကပ်လိမ်းရင် မျက်လုံးခြယ်ရတာ သဘောကျပါတယ်။

အားကစား ပုံမှန်လုပ်ဖြစ် . .

Gym ဆော့ဖြစ်ပါတယ်။ တစ်ခါတလေ ပြေးပါတယ်။

ခန္ဓာကိုယ်ဝိတ် ပုံမှန်ထိန်းသိမ်းဖြစ် . . .

ညီမကအစားအသောက်ဆိုရင် အဆီအဆိမ့်သိပ်မစားဖြစ်ဘူး။ အဓိက ဝိတ်တက်စေမယ့်အစာတွေ သိပ်မစားဖြစ်ဘူး။ အားကစားလည်း လုပ်ဖြစ်တယ်။ ဒီတော့ အစားအသောက်တွေကြောင့် ဝိတ်တက်တာ၊ ကျတာမဖြစ်ပါဘူး။ အဓိကကျန်းမာအောင် အစားအသောက်၊ အနေအထိုင်ကို ပုံမှန်လေးပဲ ထိန်းသိမ်းဖြစ်ပါတယ်။

အအေးမိတာနဲ့ နေမကောင်းဖြစ်တတ် . . .

ညီမက အရမ်းအအေးခံလို့မရဘူး။ အအေးမိပြီဆိုတာနဲ့ ဖျားချင်လာတယ်။ ပြီးတော့ အမောခံနိုင်အောင်၊ အပင်ပန်းခံနိုင်အောင် Gym ဆော့တယ်၊ ပြေးတဲ့လေ့ကျင့်ခန်း လုပ်ပါတယ်။ လူတစ်ယောက်ကျန်းမာဖို့က အားကစားကအရေးကြီးတယ်လို့ ထင်ပါတယ်။ အားကစားလုပ်တာက လှတာထက်ကျန်းမာဖို့ကပိုပြီး အထောက်အကူပြုစေတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေအတွက်အကြံပြုချက် . . .

နွေရာသီရောက်လာပြီဖြစ်တဲ့အတွက် ကျန်းမာရေးကိုဂရုစိုက်ကြပါ၊ အပြင်သွားရင် ထီးဆောင်သွားပါ၊ ကျန်းမာရေးစစ်ဆေးမှုတွေလည်း လုပ်ကြပါလို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top