Healthy Life Ad
Health Tips

အသည်းအဆီဖုံးရောဂါ ဖြစ်စဉ် မတိုးအောင် ဘယ်လို စားသောက်သင့်သလဲ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အသည်းအလေးချိန်ရဲ့ ၅-၁၀ ရာခိုင်နှုန်းက အဆီတွေရှိနေရင် အသည်းအဆီဖုံးရောဂါရှိတယ် လို့ဆိုနိုင်ပါတယ်။ အရက်အလွန်အမင်း သောက်တာကြောင့် အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ပါတယ်။ အရက်မသောက်ဘဲလည်း အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးရောဂါ အမျိုးအစား နှစ်မျိုးရှိပါတယ်။ အဲဒါတွေကတော့ အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါ (ALD)နဲ့ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ (NALD)တို့ ဖြစ်ကြပါတယ်။

အရက်ကြောင့်ဖြစ်သော အသည်းအဆီဖုံးရောဂါ
ဒီရောဂါက အရက်အလွန်အမင်း သောက်တာကြောင့် ဖြစ်တတ်ပါတယ်။ အရက်ကို အချိန်တိုအတွင်း အများအပြား သောက်ရင်တောင် ဖြစ်နိုင်ခြေရှိပါတယ်။ အသည်းအဆီဖုံးတဲ့ မျိုးရိုးရှိရင် အရက်စွဲ နေသူမဟုတ်ဘဲ နည်းနည်း သောက်ရင်တောင် ရောဂါဖြစ်နိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အဝလွန်ရောဂါ၊ အသည်းရောင်အသားဝါစီပိုးရှိတာနဲ့ ခန္ဓာကိုယ်ထဲမှာ သံဓာတ်လွန်ကဲတာ စတဲ့ အခြေအနေတွေရှိရင်လည်း အရက်သောက်တာနဲ့တွဲပြီး အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။

အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါ
အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံး ရောဂါက အဝလွန်ရောဂါဖြစ်တာ၊ ဆီးချိုသွေးချိုရောဂါဖြစ်တာနဲ့ သွေးတွင်း ကိုလက်စထရောများတာတို့ကြောင့် ဖြစ်တတ်ပါတယ်။ သက်လတ်ပိုင်းအရွယ်တွေမှာ ဒီရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ အာဟာရ ချို့တဲ့တာ၊ ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျသွားတာနဲ့ ကိုယ်ခံအားက ပြန်တိုက်ဖျက်တဲ့ Autoimmune Disease တွေကလည်း ဖြစ်စေနိုင်တဲ့ အ ကြောင်းတွေ ဖြစ်ပါတယ်။

အသည်းအဆီဖုံးရောဂါ လက္ခဏာများ
အသည်းအဆီဖုံးရောဂါ လက္ခဏာတွေက ပျို့ချင်အန်ချင်ဖြစ်တာ၊ အားနည်းတာ၊ မောပန်းချည့်နဲ့တာ၊ ကိုယ်အလေးချိန် ကျဆင်းတာနဲ့ အစာစားချင်စိတ်ဖြစ်ပေါ်တာတို့ပဲ ဖြစ်ပါတယ်။ တစ်ခါတလေ အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲတာနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်း မရှိတာတို့လည်း ဖြစ်တတ်ပါတယ်။အသည်းအဆီဖုံးရောဂါကို ထိန်းချုပ်ဖို့ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ရှိနေအောင် ထိန်းရပါမယ်၊ သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ရပါမယ်၊ သွေးတွင်း ကိုလက်စထရောအဆင့်ကိုထိန်းရပါမယ်၊ အရက်ကို ရှောင်ရပါမယ်။ ဒါ့အပြင် မှန်ကန်သင့်တော်တဲ့ အစားအသောက်တွေကို စားပေးရပါမယ်။

အသည်းအဆီဖုံးရောဂါဖြစ်စဉ် မတိုးစေရန် ကာကွယ်ပေးမည့် အကြံပြုချက်များ

– အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်များကို တတ်နိုင်သမျှ ရှောင်ပါ
အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ ဖြစ်တဲ့ ဆန်ဖြူ၊ ခေါက်ဆွဲဖြူ၊ ပေါင်မုန့်ဖြူတွေကို ရှောင်ပြီး အာလူး၊ ပဲသီး၊ ပြောင်းနဲ့ ဆန်လုံးညိုစတာတွေကို စားပြီး စွမ်းအင်ရယူသင့်ပါတယ်။

– သကြားဖြူကို ရှောင်ပါ
အသည်းအဆီဖုံးရောဂါရှိရင် သကြားဖြူပါတဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။ သကြားဖြူ မစားဘဲ နေတာကြောင့် အဝလွန်ရောဂါကိုပါ ထိန်းချုပ်ပေးပါတယ်။

– အမျှင်ဓာတ် ပါဝင်မှုများသော အစာကို များများစားပါ
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံစာ နဲ့ အခွံမာသီးတွေမှာ အမျှင်ဓာတ်များများ ပါဝင်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောအဆင့်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

– ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီစားပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီပါတဲ့ အစာတွေက ငါး၊ အခွံမာသီး၊ အစေ့အဆန်၊ ထောပတ်သီး နဲ့ ဟင်းသီးဟင်းရွက်ဆီတို့ ဖြစ်ကြပါတယ်။

– မကောင်းသော အဆီကို ရှောင်ပါ
အခန်းအပူချိန်မှာ ခဲတဲ့ မကောင်းတဲ့ အဆီကို ရှောင်ပါ။ မာဂျရင်းထောပတ်၊ ဒိန်ခဲနဲ့ အဆီများတဲ့ အသားတွေကို ထိန်းချုပ်စားသင့်ပါတယ်။
(Def; HD)

Most Popular

Healthy Life Ad
To Top