၊ ကိုထက် ၊
ပန်းသေပန်းညှိုးရောဂါဆိုတာ အမျိုးသားတစ်ယောက်ဟာ လိင်တံထောင်မတ်စွမ်း မရှိတဲ့အခြေအနေကို ဆိုလိုပါတယ်။ ပန်းသေပန်းညှိုးရောဂါဟာ အမျိုးသားတွေမှာ အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ဝေဒနာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့ကျကာ ပေါင်းသင်းဆက်ဆံရေး ထိခိုက်စေနိုင်ပါတယ်။
ပန်းသေပန်းညှိုးရောဂါဟာ အဖြစ်များပြီး တချို့အမျိုးသားတွေက စိတ်ဖိစီးမှုများတဲ့အချိန်အတောအတွင်း အဖြစ်များတတ်ပါတယ်။ သီတင်းပတ်အတော်ကြာတဲ့အထိ ခံစားနေရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြစ်ရတဲ့အခြေခံအကြောင်းရင်းကို ဆွေးနွေးသင့်ပါတယ်။
ပန်းသေပန်းညှိုးရောဂါ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ
ပန်းသေပန်းညှိုးရောဂါဖြစ်ပေါ်စေတဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေကတော့ –
– နှလုံးရောဂါ၊
– နှလုံးသွေးကြောကျဉ်းခြင်း၊
– သွေးတိုးခြင်း၊
– သွေးတွင်းကိုလက်စထရောများခြင်း၊
– အဝလွန်ခြင်း၊
– ဆီးချိုသွေးချိုရောဂါ၊
– ဦးနှောက်နဲ့အာရုံကြောမကြီးရဲ့ အခွံလွှာပျက်စီးတဲ့ရောဂါ၊
– ပါကင်ဆန်ရောဂါ၊
– ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ Metabolic Syndrome ရောဂါစု၊
– အမျိုးသားလိင်တံမှာအသားမာဖြစ်ပေါ်ပြီး တောင့်တင်းချိန်မှာ အဲဒီနေရာ၌ကောက်သွားခြင်း၊ နာကျင်မှုခံစားရခြင်းတို့ ဖြစ်စေတဲ့ရောဂါ၊
– အိပ်ရေးပျက်ခြင်း၊
– ဟော်မုန်းဆိုင်ရာပြဿနာ၊
– စီးကရက်သောက်ခြင်း၊
– ဆေးဝါးတချို့သောက်ခြင်း၊
– တင်ပဆုံကွင်း ထိခိုက်ဒဏ်ရာရခြင်း စတာတွေဖြစ်ကြပါတယ်။
ပန်းသေပန်းညှိုးရောဂါဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကတော့ –
– စိတ်ဖိစီးမှုများခြင်း၊
– စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်သောကများခြင်းတို့လို စိတ်ကျန်းမာရေးပြဿနာများ၊
– အိမ်ထောင်ရေးပြဿနာဖြစ်ခြင်းတွေ ဖြစ်ကြပါတယ်။
ပန်းသေပန်းညှိုးရောဂါအတွက် ဆေးကုသမှု
ပန်းသေပန်းညှိုးရောဂါကို ကုသဖို့အတွက် ဖြစ်ရတဲ့အခြေခံအကြောင်းရင်းကို ဆန်းစစ်သင့်ပါတယ်။ ဥပမာအနေနဲ့ အဝလွန်သူတွေမှာ ကိုယ်အလေးချိန်လျှော့ချဖို့လိုပြီး ဘဝနေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်သင့်ပါတယ်။ သွေးတိုးရောဂါနဲ့ သွေးတွင်းကိုလက်စထရော များတာတို့ဖြစ်နေရင် သွေးတိုးကျစေမယ့်ဆေးနဲ့ သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျစေမယ့်ဆေးတွေကို ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ သောက်သုံးဖို့လိုပါတယ်။
ပန်းသေပန်းညှိုးရောဂါဖြစ်သူဦးရေ အနည်းဆုံးသုံးပုံနှစ်ပုံက ပန်းသေပန်းညှိုးရောဂါကုသဆေး Sildenafil မှီဝဲတာကြောင့် ထိန်းချုပ်လို့ရပါတယ်။ တချို့နိုင်ငံတွေမှာ လိင်တံဆီကိုသွေးရောက်အောင် Vacuum Pump သုံးပြီး လုပ်ဆောင်လေ့ရှိပါတယ်။
စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဖြစ်ရင် အဲဒီဝေဒနာတွေအတွက် ဆေးဝါးမှီဝဲပေးလိုက်တာကြောင့် သက်သာသွားတတ်ပါတယ်။
ပန်းသေပန်းညှိုးရောဂါအတွက် သဘာဝကုထုံးများ
ပန်းသေပန်းညှိုးရောဂါရှိတဲ့ တချို့အမျိုးသားတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ရောဂါသက်သာအောင်လုပ်နိုင်တယ်လို့ လေ့လာမှုအမျိုးမျိုးအရ သိရပါတယ်။
– ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်စားပါ
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ငါးနဲ့ ကောက်နှံတစ်ခုလုံးအစာစားတာကြောင့် ပန်းသေပန်းညှိုးရောဂါကို သက်သာစေပါတယ်။ အနီရောင်အသား၊ အခွံချွတ်ထားတဲ့ကောက်နှံစာနဲ့ ပြုပြင်ထားတဲ့အစာတွေကို လျှော့စားဖို့ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
– လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ
ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် လိင်တံအပါအဝင်တစ်ကိုယ်လုံးကို သွေးလှည့်ပတ်စီးဆင်းမှု ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းကို စနစ်တကျလုပ်ဆောင်တာကြောင့် ကျားဟော်မုန်းတက်စတိုစတီရုန်း ထုတ်လုပ်မှုကိုကောင်းမွန်စေပြီး လိင်စွမ်းဆောင်နိုင်စွမ်း ရှိစေပါတယ်။
– ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာကြောင့် သွေးကြောတွေကို ကျဉ်းစေပါတယ်။ ဆေးလိပ်ဖြတ်တဲ့အတွက် သွေးလှည့်ပတ်စီးဆင်းမှုကို ပြန်အားကောင်းလာပြီး အမျိုးသားတွေမှာစွမ်းဆောင်နိုင်စွမ်း ကောင်းမွန်စေပါတယ်။
– ပုံမှန်အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
အိပ်ရေးဝ၀အိပ်စက်အနားယူတာကြောင့် တက်စတိုစတီရုန်းအပါအဝင် တချို့ဟော်မုန်းတွေကိုထွက်ရှိစေပြီး အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်မှုဆိုင်ရာ ကျန်းမာရေးကိုကောင်းမွန်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
– အရက်ကို လျှော့သောက်ပါ
အရက်ကို အလွန်အမင်းသောက်တာကြောင့် စိတ်ဓာတ်ကျပြီး ပန်းသေပန်းညှိုးရောဂါကို ယာယီဒါမှမဟုတ် ရေရှည်ဖြစ်စေနိုင်ပါတယ်။
– ဆေးဖက်ဝင်အိမ်တွင်း ကုထုံးများမှီဝဲပါ
တလည်းသီးဖျော်ရည်နဲ့ အနီရောင်ဂျင်စင်းလို ဆေးဖက်ဝင်အိမ်တွင်းကုထုံးတွေကို မှီဝဲတာကြောင့် ပန်းသေပန်းညှိုးရောဂါကို သက်သာစေပါတယ်။
(Ref;HD)