Healthy Life Ad
International

အာရှ၏ အသန့်ရှင်းဆုံးကျေးရွာ

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံ၊ ဝေးလံတဲ့အရှေ့မြောက်အရပ်မှ မော်လင်းနွန်ကျေးရွာကလေးဟာ ပလတ်စတစ်အသုံးပြုမှုကို တားမြစ်ထားပြီး သစ်ပင်ပန်းမန်တွေနဲ့ အေးချမ်းလှပါတယ်။ ၂၀ဝ၃ ခုနှစ်အထိ လာရောက်လည်ပတ်သူမရှိဘဲ ရွာကိုသွားရာ ကားလမ်းမရှိ၊ ခြေလျင်သာ သွားရောက်နိုင်တဲ့ ဒေသ ဖြစ်ပါတယ်။ တောင်တန်းတွေအကြားမှာ တည်ရှိပြီး လူဦးရေ ၅၀ဝ သာရှိပါတယ်။ ခါစီလူမျိုးစုတွေ နေထိုင်တဲ့ မော်လင်းနွန်ရွာဟာ မိခင်ဦးဆောင်တဲ့ ရှားပါးတဲ့ လူမှုအဖွဲ့အစည်းဖြစ်ပါတယ်။ ပိုင်ဆိုင်မှု စည်းစိမ်ကို မိခင်မှ အငယ်ဆုံးသမီးကို အမွေပေးတဲ့ ဓလေ့ရှိပြီး ကလေးတွေကိုမိခင်ရဲ့အမည် ထည့်သွင်းနာမည်ပေးရတယ်လို့ သိရပါတယ်။ မော်လင်းနွန်ဟာ ဆူညံပြီး အမှိုက်ပေါလှတဲ့ မြို့ပြဒေသတွေ နဲ့ဝေးကွာပြီး သန့်ရှင်းသပ်ရပ်လှတာကြောင့် မကြာသေးခင်နှစ်များက ကမ္ဘာတစ်ဝန်းမှာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ဝါးနဲ့ပြုလုပ်ထားတဲ့ အမှိုက်တောင်းတွေကို လမ်းထောင့်တိုင်းမှာ ထားရှိပြီး ရွာသားတွေဟာ လမ်းသန့်ရှင်းရေးကို အလှည့်ကျပြုလုပ်ကြပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်စွာနေထိုင်တဲ့ဓလေ့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀ ခန့် ကတည်းက လက်ဆင့်ကမ်းလုပ်ဆောင်ခဲ့ကြတာပါ။ ခရစ်ယာန်သာသနာပြုတွေက အိမ်၊ လမ်း၊ ပတ်ဝန်းကျင်၊ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အစားအသောက်ကို သန့်ရှင်းအောင်ပြုလုပ်တာတို့က ရောဂါပိုး မကျရောက်အောင်ကာကွယ်နိုင်မယ်လို့ သူတို့ကို အကြံပေးခဲ့တယ်လို့သိရပါတယ်။ မော်လင်းနွန်မှာ ဝမ်းရောဂါဖြစ်ပွားခဲ့ဖူးပြီး ဆေးဝါးမရှိဘဲ သန့်ရှင်းစွာနေထိုင်တာကြောင့်ပဲ ရောဂါပျံ့နှံ့မှုကို ကာကွယ်နိုင်ခဲ့ကြပါတယ်။ တခြားအိန္ဒိယကျေးလက်ဒေသတွေလိုမျိုး တောတိုးမစင်စွန့်တဲ့ဓလေ့ မရှိဘဲ အိမ်ထောင်စုတိုင်းမှာ ကိုယ်ပိုင်အိမ်သာ အသီးသီးရှိကြပါတယ်။ မကြာသေးခင်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမော်ဒီကိုယ်တိုင် မော်လင်းနွန်ရွာကိုချီးကျူးခဲ့ပါသေးတယ်။ နာမည်ကျော်ကြားလာတဲ့ ကျေးရွာကလေးကို လာရောက်လည်ပတ်သူများပြားပြီး ခရီးသွားရာသီမှာ တစ်နေ့ကို လူ ၂၅၀ နီးပါး လာရောက်ကြတယ်လို့ သိရပါတယ်။

(Ref;MI)

Most Popular

Healthy Life Ad
To Top