Healthy Life Ad
Life Style

တစ်ကိုယ်ရေ သန့်ရှင်းရေးလမ်းညွှန်

၊ ကိုမိုး ၊

သင့်တင့်တဲ့ သန့်စင်ထိန်းသိမ်းမှုနည်းလမ်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေက သင့်ကိုမဖျားနာအောင် ကာကွယ်ပေးနိုင်ပြီး စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။

– လက်ဆေးတာ၊ သွားတိုက်တာ၊ သွားကြားပွတ်ကြိုးသုံးတာ၊ ရေချိုးသန့်စင်တာစတဲ့ တစ်ကိုယ်ရေသန့် ရှင်းရေး အလေ့အထတွေဟာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ကင်းစင်စေပြီး မဖျားနာစေပါဘူး။ ဒါကြောင့် နေ့စဉ်ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်နေအောင် ကြိုးစားသင့်ပါတယ်။

– စိတ်ပိုင်းဆိုင်ရာအရလည်း ယုံကြည်မှုရှိစေပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းတဲ့သူတွေက ဆံပင်တွေက ညစ်ပတ်ပြီး အဝတ်အစားတွေက သန့်ပြန့်မှုကင်းကာ ခန္ဓာကိုယ်က အနံ့နံတာ၊ ခံတွင်းအနံ့ဆိုးထွက်တာ၊ ဖျားနာလွယ်တာ စတာတွေ ဖြစ်နေတတ်တာကြောင့် လူကြားထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ သွားလာလှုပ်ရှားနိုင်ဖို့ မလွယ်ပါဘူး။

– ကူးစက်ပိုးတွေမရအောင်နဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာနေအောင် ရေကိုမှန်မှန်ချိုးပါ။ နေ့စဉ် ခေါင်းလျှော်ဖို့ မလိုအပ်ပေမယ့် ဆံပင်တွေကို မညစ်ပတ်ခင်မှာ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။

– လက်သည်း၊ ခြေသည်းတွေကို မှန်မှန်ညှပ်ပေးပါ။ လက်သည်း၊ ခြေသည်းတွေကို သေချာညှပ်ပြီး သန့်ရှင်းခြောက်သွေ့အောင်ထားပေးတာက ပိုးဝင်မှုကင်းစေပါတယ်။

– နံနက်တစ်ကြိမ်နဲ့ ညအိပ်ရာမဝင်ခင်မှာ သွားတိုက်ပေးပါ။ အစာစားပြီးတဲ့အခါတိုင်း သွားမတိုက်ပေးနိုင်ရင် ပလုတ်ကျင်းပေးပါ။ သွားတိုက်ပေးတာက သွားတွေပေါ်မှာ ကပ်ညိနေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းဝေးစေပြီး သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေကို ကင်းဝေးစေပါတယ်။ သွားကြားပွတ်ကြိုးသုံးတာက သွားဖုံးတွေကို ကျန်းမာခိုင်မာစေပါတယ်။ သွားဖုံးရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေက နှလုံးဆီကိုရောက်ရှိပြီး အလွန်ပြင်းထန်တဲ့ နှလုံးရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ သွားဖုံးနဲ့သွားတွေ မကျန်းမာရင် သွားနဲ့တာကိုဖြစ်စေပြီး အစားအစာတွေကို ကောင်းကောင်းကြိတ်ဝါးကာ မျိုချနိုင်စွမ်းကို လျော့ကျစေပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာသန့်ရှင်းဖို့အတွက် ခြောက်လတစ်ကြိမ် သွားဆရာဝန်ဆီသွားပြသင့်ပါတယ်။

– လက်ကို မကြာခဏဆေးကြောပါ။ အစာမစားခင်၊ အစာစားပြီး၊ အိမ်သာကအထွက်၊ ချောင်းဆိုးနှာချေအပြီးနဲ့ အမှိုက်သရိုက်တွေကို ကိုင်တွယ်ပြီးချိန်မှာ လက်တွေကိုစင်ကြယ်အောင် ဆေးကြောပေးသင့်ပါတယ်။ လက်ဆေးဖို့အတွက် ဆပ်ပြာနဲ့ရေကို အလွယ်တကူမရပါက အယ်လ်ကိုဟောအခြေခံ လက်ဆေးဆပ်ပြာကို ဆောင်ထားပြီး အဲဒီဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပေးဖို့လိုပါတယ်။

– ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ စောင်၊ ခြင်ထောင်တို့ကို မှန်မှန်လျှော်ဖွပ်ပါ။ ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းတို့ကို တစ်ပတ်တစ်ကြိမ်လျှော်ဖို့လိုပြီး စောင်နဲ့ ခြင်ထောင်တွေကို နှစ်ပတ်တစ်ကြိမ်လောက်လျှော်ပေးပါ။

– အိပ်ရေးဝ၀အိပ်ပါ။ ညမအိပ်ခင် ကိုယ်လက်သန့်စင်ပြီး အိပ်ရေးဝ၀အိပ်စက်အနားယူတာက နံနက်ခင်းမှာ လန်းလန်းဆန်းဆန်းနိုးထစေပါတယ်။ အိပ်ရေးမဝတာက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိခိုက်စေကာ ဖျားနာလွယ်ပြီး အလွယ်တကူ စိတ်ဓာတ်ကျစေပါတယ်။

– လူအများစုက စိတ်ဓာတ်ကျတာနဲ့ ဝမ်းနည်းတာတွေကို ခံစားနေရရင် ကိုယ့်ကိုယ်ကိုယ် လျစ်လျူရှုကာ နေချင်သလိုနေတတ်ကြပါတယ်။ အဲဒီအခါနောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရရှိတတ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ အရေးပါပုံကို သိနားလည်ပြီး ကိုယ့်ကိုယ်ကိုယ် ကျန်းမာသန့်ရှင်းအောင် အမြဲဂရုစိုက်ပေးတာက စိတ်ဓာတ်ကျတာနဲ့ ဝမ်းနည်းတာကို ကင်းဝေးစေပြီး ရွှင်လန်းကာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ ရပ်တည်နိုင်လာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top