Healthy Life Ad
Local

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပမည့် ကမ္ဘာ့သန့်ရှင်းရေးနေ့တွင် အဖွဲ့လေးခု ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)၊

လာမည့် ၂၀၁၈ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သန့်ရှင်းရေးနေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်အတူ Clean Yangon Campaign ၊ Trash Hero Myanmar ၊ JCI Myanmar အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးနှင့် အခြားမြို့နယ်တို့တွင် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၁၂-၇-၂၀၁၈ ရက်နေ့ က ရန်ကုန်အင်တာနေရှင်နယ်ဟိုတွင် ပြုလုပ်သည့် ကမ္ဘာ့သန့်ရှင်းရေးနေ့နှင့် အမှိုက်ပြမြေပုံ အက်(ပ်)ပလီကေးရှင်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားမှ သိရသည်။

”သန့်ရှင်းရေးဆောင်ရွက်မှုအပိုင်းမှာ ကျွန်တော်တို့ဌာနအနေနဲ့ ဆော့ဖ်ဝဲလ်တွေ ရေးဆွဲပြီး ဆောင်ရွက်ပါတယ်။ အမှိုက်သိမ်းယာဉ်တွေမှာGPS တွေတပ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဖေ့စ်ဘွတ်ခ်အကောင့်မှာ ပြည်သူတွေအနေနဲ့ နေ့စဉ်ဘယ်နေရာတွေမှာ အမှိုက်တွေရှိတယ်၊ ဘယ်နေရာမှာတော့ အမှိုက်တွေမသိမ်းဘူး ဆိုတာမျိုးလာပြောလေ့ရှိပါတယ်။ အဲဒီအခါမှာလည်း သွားရှင်းပြီးရင် ရှင်းပြီးကြောင်း ပြန်လည် Replyပြန်ပေးပါတယ်” ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းလှိုင်က ဆိုသည်။

”နိုင်ငံမှာရှိတဲ့ လူဦးရေ၅ ရာခိုင်နှုန်းက ကိုယ့်နိုင်ငံတွင်းမှာ စုပေါင်းသန့်ရှင်းရေးလုပ်ဖို့ ရည်ရွယ်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ကမ္ဘာ့သန့်ရှင်းရေးနေ့ပြီးသွားရင်လည်း အမှိုက်နဲ့ဆိုင်တဲ့ ပြဿနာတွေကို အားလုံးပူးပေါင်း ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်”ဟု JCI Yangon ၏ ဥက္ကဌ မဇင်ရတနာက ပြောသည်။

ကမ္ဘာ့သန့်ရှင်းရေးနေ့တွင် နိုင်ငံပေါင်း ၁၅၀မှ နိုင်ငံ့လူဦးရေ ၅ ရာခိုင်နှုန်းနှင့် ညီမျှသော ပြည်သူများက သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ လူမှုအကျိုးပြုအဖွဲ့အစည်းများနှင့်အတူ စည်းကမ်းမဲ့ အမှိုက်များကို တစ်ပြိုင်နက် ကောက်ယူသန့်ရှင်းကြသောနေ့ဖြစ်ရာ မြန်မာနိုင်ငံသည်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ပြည်သူများ အသိပညာရရှိလာပြီး သန့်ရှင်းကျန်းမာ အမှိုက်ကင်းစင်သော ပတ်ဝန်းကျင်ကောင်း ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့သန့်ရှင်းရေးနေ့တွင်မည်သူမဆို ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပြီး ပူးပေါင်းပံ့ပိုးဆောင်ရွက်လိုသူတို့သည် worldcleanupdaymyanmar@gmail.com သို့မဟုတ် ဖုန်း ဝ၉ ၉၇၀၉၀၄၃၂၆သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top