Healthy Life Ad
Life Style

အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးများ မွေးမြူထားလျှင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးနဲ့ကြောင်ကို သင့်အိမ်မှာ မွေးမြူထားပြီးပြီဆိုရင် သူတို့ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုအတွက် သင်လုပ်ဆောင်ပေးသင့်တဲ့အချက်တွေရှိပါတယ်။

(၁) ပုံမှန်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပေးပါ
သင့်လိုပဲ သင့်အိမ်မွေးတိရစ္ဆာန်လေးတွေမှာ ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ကြပါတယ်။ အဆစ်ရောင်တာ၊ နှလုံးထိခိုက်တာ၊ သွားကိုက်တာစသဖြင့် ဖြစ်တတ်တဲ့အတွက် ဒီဝေဒနာလေးတွေကို စောစောစီးစီး တွေ့ရှိပြီး ကုသနိုင်ဖို့ တစ်နှစ်တစ်ကြိမ် တိရစ္ဆာန်အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ပြသချိန်မှာ အစား အသောက်နဲ့ပတ်သက်ပြီး ဘယ်လိုကျွေးရမလဲ၊ ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းရမလဲ စတာတွေအပြင် ကာကွယ်ဆေးထိုးနှံတာနဲ့ ကပ်ပါးကောင်တွေ မကပ်ညိအောင် ကုသပေးတာတို့ လုပ်ဆောင်ပေးရပါမယ်။

(၂) ချစ်ခင်ယုယပါ
ခွေးဆိုတာ လူတွေအတွက် အကောင်းဆုံးမိတ်ဆွေပါ။ အဲဒီအတွက် ခွေးမွေးထားပြီဆိုရင် ဂရုစိုက်နွေးထွေး ချစ်ခင်ယုယပေးဖို့လိုအပ်ပါတယ်။ ခွေးတွေကို မကြာခဏ ရေချိုးပေးစရာလိုပါဘူး။ သီတင်းပတ်အနည်းငယ်ကြာမှ တစ်ခါရေချိုးပေးပါ။

(၃) ကာကွယ်ဆေးထိုးနှံပါ
အိမ်မွေးတိရစ္ဆာန်လေးတွေကိုလသားအရွယ်ကစပြီး သင့်တော်တဲ့ကာကွယ်ဆေးတွေကို ထိုးနှံပေးရပါမယ်။

(၄) ကြောင်သန်း၊ ခွေးသန်းကာကွယ်ပါ
ကြောင်သန်း၊ ခွေးသန်းလေးတွေက အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကိုယ်ပေါ်ကပ်ငြိနေပြီး အမွေးအမျှင်တွေကို မသက်မသာဖြစ်စေကာ အမွေးကျွတ်စေနိုင်ပါတယ်။ ကူးစက်ပိုးလည်းဝင်တတ်ပါတယ်။ အဲဒီအတွက် ကြောင်သန်း၊ ခွေးသန်း ကပ်ငြိမှုမရှိအောင် ပုံမှန်ထိန်းသိမ်းပေးဖို့လိုပါတယ်။

(၅) ကိုယ်အလေးချိန်ထိန်းပါ
အမေရိကန်မှာ ခွေးအများစုနဲ့ ကြောင်အများစုက ကိုယ်အလေးချိန်များနေကြတဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်လွန်းလို့ အစာကို မကြာခဏကျွေးတာမျိုး မလုပ်သင့်ပါဘူး။ သူ့အသက်အရွယ်၊ ကိုယ်အလေးချိန်နဲ့ နေထိုင်လှုပ်ရှားမှုပေါ် မူတည်ပြီး သင့်တော်တဲ့အစာကို ကျွေးသင့်ပါတယ်။

(၆) လှုပ်ရှားမှုလုပ်ဖြစ်စေမည့် ပတ်ဝန်းကျင်ဖန်တီးပါ
ခွေးတွေ၊ ကြောင်တွေက နေ့တိုင်းလမ်းလျှောက်ဖို့၊ ပြေးလွှားဖို့နဲ့ ကုတ်ခြစ်လေ့ကျင့်ဖို့ ပတ်ဝန်းကျင်လိုပါတယ်။ တိုက်ခန်းထဲမှာ အချစ်တော်ခွေးလေး မွေးထားတယ်ဆိုရင် သင်နဲ့အတူ တစ်နေ့တစ်ကြိမ် လမ်းထွက်လျှောက်ပေးပါ။ ပျင်းရိမှုကင်းပြီး သင်နဲ့ သင့်အိမ်မွေးတိရစ္ဆာန်ရဲ့ သံယောဇဉ်ကိုတိုးလာစေပါတယ်။

(၇) လူတို့အတွက် ဖော်စပ်ထားသည့်ဆေးဝါး မတိုက်သင့်ပါ
လူတွေအတွက် ဖန်တီးဖော်စပ်ထားတဲ့ ဆေးတွေကို သင့်အိမ်မွေးတိရစ္ဆာန်ကိုတိုက်တာက အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ အိုင်ဗျူပရိုဖန်လို အကိုက်အခဲပျောက်ဆေးတွေက အိမ်မွေးတိရစ္ဆာန်လေးတွေကို အဆိပ်သင့်စေတဲ့အရာပါ။ စိတ်ကျကုသဆေး၊ ကြွက်သားပြေလျော့စေတဲ့ဆေးနဲ့ ပါရာစီတမောတွေက အိမ်မွေးတိရစ္ဆာန်တွေအတွက် ကျန်းမာရေးအန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ လူတွေသောက်တဲ့ ဆေးအများစုက ခွေးနဲ့ကြောင်တွေမှာ ကျောက်ကပ်ထိခိုက်တာ၊ နှလုံးရပ်တာတို့ ဖြစ်တတ်လို့ပါ။ လူတွေသောက်တဲ့ ဆေးတွေ ကိုလည်း သေချာအဖုံးလုံအောင်ပိတ်ထားပါ။

(၈) ကားထဲမထားခဲ့ပါနှင့်
အိမ်မွေးတိရစ္ဆာန်လေးတွေကို ကားနဲ့အပြင်ခေါ်သွားတဲ့အခါ ကားထဲပိတ်ပြီးမထားခဲ့ပါနဲ့။ ခွေးလေးတွေကို ကားပြတင်းပေါက်ကနေအပြင်ကို ခေါင်းမထွက်ပါစေနဲ့။

(၉) သွားစစ်ဆေးမှုလုပ်ပေးပါ
ခွေးနဲ့ ကြောင်တွေက လူလိုပဲသွားကိုက်တာ၊ သွားဖုံးရောဂါဝေဒနာဖြစ်တာတို့ ခံစားရတတ်ပါတယ်။ အဲဒီအတွက် ခွေးလေး၊ ကြောင်လေးတွေရဲ့သွားတွေကို စစ်ဆေးပေးပြီး သွားနဲ့ခံတွင်းဝေဒနာ ခံစားနေရတယ် ထင်ရင် တိရစ္ဆာန်အထူးကုဆရာဝန်ထံ သွားရောက်ပြပေးဖို့လိုအပ်ပါတယ်။

(၁၀) ခွေးရူးပြန်ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားပါ
ကိုယ့်အိမ်မှာမွေးထားတဲ့ ခွေးလေး၊ ကြောင်လေးတွေကို အသက်နှစ်လအရွယ်ကတည်းက ကူးစက်ရောဂါ ကာကွယ်ဆေးတွေကို စတင်ထိုးဖို့လိုအပ်ပါတယ်။ အသက်သုံးလအရွယ်မှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို တွဲဖက်ထိုးနှံပေးရပါမယ်။ နောက်ပိုင်းမှာ တစ်နှစ်တစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးပေးရပါမယ်။ အဲဒီလို ပုံမှန် ထိုးနှံပေးမယ်ဆိုရင် ကိုယ့်အိမ်မှာမွေးထားတဲ့ ခွေးလေး၊ ကြောင်လေးတွေမှာ ခွေးရူးပြန်ရောဂါမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။
(Ref;WebMD)

Most Popular

Healthy Life Ad
To Top