Healthy Life Ad
Health Tips

အိမ်မှာ ကြောင်လေးတစ်ကောင် မွေးထားတာက ကျန်းမာရေးကို ဘယ်လိုကောင်းမွန်စေနိုင်သလဲ

……………၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊……………..

လူအများစုက ကြောင်လေးတွေကို သိပ်ချစ်ကြပြီး အိမ်မှာမွေးထားတဲ့ ကြောင်လေးတွေနဲ့ နာရီပေါင်းများစွာ အတူကစားကြပါတယ်။ ဒီလိုမျိုး ကြောင်လေးတစ်ကောင်ရှိတာက လူတွေရဲ့ဘဝကို ပိုကျန်းမာစေပြီး ပိုပျော်ရွှင်စေတယ်ဆိုတာ သိပ္ပံပညာရှင်တွေက အခုလိုမျှဝေပေးထားပါတယ်။

(၁) ကြောင်တွေက အရိုးတွေ၊ အရွတ်တွေနဲ့ ကြွက်သားတွေကို အနာကျက်စေနိုင်ပါတယ်

ကြောင်ညည်းသံလေးကို ကြားရတာက စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ ဒီအမွှေးထူတဲ့ ကြောင်လေးက သင့်ကို သက်သောင့်သက်သာရှိရှိနဲ့ ပျော်ရွှင်စေလို့ပါပဲ။ ကြောင်တစ်ကောင်ရဲ့ ခပ်တိုးတိုးညည်းသံနဲ့ တိုးဝှေ့ပွတ်တိုက်မှုက လူတွေရဲ့ ထိခိုက်ဒဏ်ရာရပြီးချိန် နာကျင်တဲ့အဆစ်ဝေဒနာကို သက်သာစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

(၂) ကြောင်တွေက စိတ်ကျန်းမာရေး ကောင်းစေနိုင်ပါတယ်

သြစတြေးလျမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကြောင်ပိုင်ရှင်တွေက တခြားအိမ်မွေးတိရစ္ဆာန် မရှိသူတွေထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အများကြီးပိုကောင်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ သူတို့က ပျော်ရွှင်တယ်၊ ယုံကြည်မှုပိုရှိတယ်၊ ဒေါသအထွက်နည်းတယ်၊ ပြီးတော့ ပြဿနာတွေကို ပိုပြီးကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိစေပါသတဲ့။

(၃) ကြောင်တွေက စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကအဆင့်ကို လျော့ကျစေနိုင်ပါတယ်

ကြောင်တွေက သင့်ပေါင်ပေါ်မှာ လှဲအိပ်လိုက်တာနဲ့ သင်ရဲ့စိတ်ဖိစီးမှုတွေ လျော့ကျသွားနိုင်ပါတယ်။ ကြောင်လေးကို ပွတ်သပ်ပေးရတာက သင့်ကို စိတ်ခံစားမှုအများကြီး ကောင်းစေလို့ပါပဲ။ ဒါ့အပြင် ကြောင်တစ်ကောင်နဲ့ ၁၀ မိနစ်လောက် အချိန်ဖြုန်းလိုက်ရင်တောင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေအပေါ် အကောင်းမြင်စိတ်ဖြစ်လာပြီး ရင်ဆိုင်နိုင်စွမ်း ရှိသွားစေပါတယ်။

(၄) ကြောင်တွေက နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေနိုင်ပါတယ်

ကြောင်တွေက စိတ်ဖိစီးမှုကို လျော့ကျစေရုံသာမက နှလုံးရောဂါဖြစ်နှုန်းကိုပါ လျော့ကျစေနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ ကြောင်တွေက စိတ်ကျန်းမာရေးကိုသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ကောင်းမွန်စေလို့ပါပဲ။

(၅) ကြောင်တွေက သင့်ကို ပိုအိပ်မောကျစေပါတယ်

ကြောင်တွေကို ပွေ့ဖက်အိပ်စက်အနားယူတာက မကောင်းတာ အမှန်ပါ။ ဒါပေမဲ့ ကြောင်လေးကို သင့်အိပ်ခန်းထဲမှာ ခေါ်ထားရင်တော့ လုံခြုံမှု၊ အပန်းပြေမှုတွေကို ခံစားရတာကြောင့် အိပ်လို့ပိုကောင်းစေတာပါ။ လူဦးရေ ၄၆ ဦးကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ၄၁ ရာခိုင်နှုန်းဟာ သူတို့အချစ်တော် ကြောင်လေးနဲ့အတူ တစ်ခန်းထဲမှာ အိပ်စက်အနားယူတာကြောင့် ပိုပြီးအိပ်မောကျတာကို တွေ့ရပါတယ်။

(၆) ကြောင်တွေက သင်ရဲ့အဖော်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါတယ်

ကြောင်တွေနဲ့ သူတို့ပိုင်ရှင်တွေက စစ်မှန်တဲ့ဆက်သွယ်ချက်ရှိတာကြောင့် ကြောင်လေးသာရှိနေရင် အထီးမကျန်စေပါဘူး။

(၇) ကြောင်တွေက ကလေးတွေကို ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်

လေ့လာမှုအရ အသက်တစ်နှစ်အောက် ကလေးတွေရှိတဲ့အိမ်မှာ ကြောင်လေးတစ်ကောင် မွေးထားရင် ဓာတ်မတည့်မှုဖြစ်နှုန်း လျော့ကျနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကြောင်တစ်ကောင်ရှိတဲ့အတွက် အိမ်သန့်ရှင်းရေးကို ကောင်းကောင်းလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top