Healthy Life Ad
Health Tips

ခပ်မတ်မတ် လှုပ်ရှားသွားလာနေထိုင်တာကြောင့် ဘာကောင်းကျိုးတွေ ရရှိနိုင်သလဲ

၊ လရိပ်မေ ၊

ကျွန်မတို့ငယ်စဉ်တုန်းက မိဘဆရာတွေက ခပ်မတ်မတ်ထိုင်ဖို့နဲ့ ခပ်မတ်မတ်ရပ်ဖို့ ပြောလေ့ရှိကြပါတယ်။ မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်နေဟန်ကို စမတ်ကျကျနေမယ်ဆိုရင် စမတ်ကျကျနေတတ်တဲ့ အကျင့်စွဲသွားပါတယ်။ အဲဒီလို မနေတဲ့သူတွေဟာ အသက်ကြီးလာချိန်မှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတဲ့ဝေဒနာ ခံစားရတတ်ပါတယ်။

ကိုယ်နေဟန်စမတ်ကျခြင်း ဆိုသည်မှာ . . .

ကိုယ်နေဟန်ထား စမတ်ကျနရင် လူ့ခန္ဓာကိုယ်ရဲ့အရိုးအဆစ်တွေကို သန်စွမ်းစေပါတယ်။ ကိုယ်နေဟန်ထား ကြည့်ကောင်းတာကြောင့် ကျောရိုးတည်ဆောက်ပုံကို စမတ်ကျစေရုံသာမက တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း လှပသန်စွမ်းစေပါတယ်။ ကိုယ်နေဟန် စမတ်မကျတာကြောင့် အဆစ်တွေ ဒဏ်ပိလာနိုင်ပါတယ်။

– အရပ်ပိုရှည်စေပါတယ်

ကိုယ်နေဟန် စမတ်ကျကြည့်ကောင်းတဲ့အခါ အရပ်ပိုရှည်သလို ထင်ရစေပါတယ်။ ဒါ့အပြင် အရိုးအဆစ်တွေကို ဖိခံထားရတဲ့နေရာတွေမှာ ကိုယ်နေဟန်မတ်ပြီး အနေအထားမှန်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်လိုက်ရုံနဲ့ နာကျင်မှု သက်သာစေပါတယ်။

– သွယ်လျကြည့်ကောင်း စေပါတယ်

ကိုယ်နေဟန် စမတ်ကျလာရင် ကိုယ်အလေးချိန်များများ လျော့ကျသွားသယောင် ထင်ရစေပြီး ခန္ဓာကိုယ်သွယ်လျတဲ့ပုံ ပေါ်လွင်စေပါတယ်။

– အသက်ရှူလမ်းကြောင်း လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်
ခန္ဓာကိုယ်ကိုမတ်မတ်ထိုင်တာနဲ့ ကိုယ်နေဟန် စမတ်ကျတာကြောင့် အသက်ရှူလမ်းကြောင်း လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ လျှောထိုင်တာကြောင့် နံရိုးနဲ့ တခြား ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ဖိထားသလိုဖြစ်စေပြီး အဆုတ်ကိုအကောင်းဆုံး လုပ်ဆောင်နိုင်စွမ်း ခက်ခဲသွားစေပါတယ်။ ဒါ့အပြင် အစာခြေစနစ်ထိခိုက်ရာက အစာစုပ်ယူမှုနဲ့ စွန့်ထုတ်မှုတွေမှာ ပြဿနာ ဖြစ်လာတတ်ပါတယ်။

– စိတ်ခံစားမှုနဲ့ ဉာဏ်ရည် ကောင်းမွန်စေပါတယ်
ကိုယ်နေဟန် ကောင်းမွန်တာကြောင့် စိတ်ခံစားမှုပိုကောင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိကာ မှတ်ဉာဏ်စွမ်းရည်လည်း တိုးလာပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top