Healthy Life Ad
Health Tips

အမျိုးသမီးတိုင်း သိထားသင့်သည့် သားဥအိမ်ကင်ဆာ၏ အစောပိုင်း လက္ခဏာများ

စူး (ဆေးဝါးတက္ကသိုလ်)
သားဥအိမ် ကင်ဆာဖြစ်ရင် ခံစားရတဲ့ ဝေဒနာ လက္ခဏာတွေကို မသိရှိလိုက်ဘဲ နောက်ကျမှ သိရတာကြောင့် အသံတိတ် လူသတ်သမားလို့ ခေါ်လေ့ ရှိကြပါတယ်။ သားဥအိမ်ကင်ဆာဖြစ်သူ ၂၀ ရာခိုင်နှုန်းဟာ စောစောသိရင် စောစောကုသ ပျောက်ကင်းတဲ့အတွက် အမျိုးသမီးတိုင်း သားဥအိမ်ကင်ဆာရဲ့ အစောပိုင်း သတိပေးလက္ခဏာတွေကို သိထားဖို့ အရေးကြီးပါတယ်။
can_ovar
(၁) ဗိုက်နာခြင်း
ဝမ်းဗိုက်နေရာနဲ့ တင်ပဆုံတစ်ဝိုက် နာကျင်တဲ့ ဝေဒနာက အစာမကြေတာ၊ ရာသီလာစဉ် ဗိုက်နာတာ စတဲ့ ဝေဒနာတွေနဲ့ မတူဘူးဆိုရင် သားဥအိမ်ကင်ဆာ အစောပိုင်း လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီကင်ဆာဖြစ်သူ လူနာအများစုက အကြောင်းရင်းမရှိဘဲ နှစ်ပတ်ကျော် ဗိုက်နာနေတယ်လို့ ပြောလေ့ရှိပါ တယ်။
(၂) အစာမကြေခြင်း
အစာမကြေတာ၊ လေထတာ၊ ပျို့ချင်အန်ချင် ဖြစ်တာနဲ့ ရင်ပူတာ စတဲ့ ဝေဒနာတွေဟာ သားဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ ဝေဒနာလက္ခဏာတွေပါ။
(၃) အစာစားချင်စိတ် ဆုံးရှုံးခြင်း
ရုတ်တရက်ဆိုသလို အစာစားချင်စိတ် ဆုံးရှုံး သွားတာမျိုး ဖြစ်ရင် သားဥအိမ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။
(၄) လေပွခြင်း
မကြာခဏ လေပွတာ၊ လေထပြီး ဗိုက်အောင့် တာတို့ ဖြစ်ပြီး မပျောက်နိုင်ရင် သားဥအိမ်ကင်ဆာရဲ့ လက္ခဏာလို့ သံသယဝင်သင့်ပါတယ်။ လေပွပြီး ခါးတစ်ဝိုက်မှာ အဝတ်အစားတွေ တင်းကျပ်လွန်းသွားရင် ဆရာဝန်ထံ ပြသင့်ပါတယ်။
(၅) မကြာခဏ ဆီးသွားခြင်း
ရုတ်တရက် ဆီးသွားချင်စိတ်များတာ၊ ပုံမှန်ထက် မကြာခဏ ဆီးသွားတာတို့လို ဆီးလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေက သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
(၆) ဗိုက်ပြည့်လွယ်ခြင်း
အဆင့်မြင့်တဲ့ သားဥအိမ်ကင်ဆာမှာ ကင်ဆာ အကျိတ်က အစာအိမ်နဲ့ တခြားအင်္ဂါ ဆက်သွယ်ထားတဲ့ ဝမ်းဗိုက်ခေါင်း မျက်နှာပြင်မှာ ဖြစ်နေရင် အစာနည်းနည်းလေး စားရုံနဲ့ ခပ်မြန်မြန် ဗိုက်ပြည့်စေပါတယ်။
(၇) ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ တစ်လှည့်စီ ဖြစ်ခြင်း
ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက်ဖြစ်ပြီး အူလှုပ်ရှားမှု ပြောင်းလဲတာက သားဥအိမ်ကင်ဆာရဲ့ လက္ခဏာပါ။ သားဥအိမ်အကိတ်ရောင်ပြီး ဝမ်းဗိုက်၊ အူနဲ့ ဆီးအိတ်ပေါ် ဖိအားသက်ရောက်တဲ့အခါ ဖြစ်တတ်ပါတယ်။
(၈) ခါးနာခြင်း
ခါးအောက်ပိုင်းမှာ ကိုက်ခဲနာကျင်တဲ့ ဝေဒနာ ခံစားရတာက သားဥအိမ်ကင်ဆာမှာ အဖြစ်များတဲ့ လက္ခဏာပါ။ အမျိုးသမီးလူနာ အများစုဟာ ကလေး မွေးချိန် နာကျင်တဲ့ ခံစားချက်နဲ့ အတူတူပဲလို့ ဆိုကြပါတယ်။
(၉) ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း
အစာမလျှော့ဘဲ၊ လေ့ကျင့်ခန်းမလုပ်ဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်လောက် ကျသွားတာက သား ဥအိမ်ကင်ဆာရဲ့ အစောပိုင်းအဆင့်မှာ တွေ့ရတဲ့ လက္ခဏာပါ။
(၁၀) မိန်းမကိုယ်မှ သွေးဆင်းခြင်း
ပုံမှန် ရာသီစက်ဝန်း မဟုတ်ဘဲ မိန်းမကိုယ်ကနေ သွေးဆင်းနေရင်၊ မိန်းမကိုယ်တစ်ဝိုက်မှာ အရည်ကြည်ဖုနဲ့ အနာဖြစ်နေရင် သားဥအိမ်ကင်ဆာကို သံသယဝင်ပြီး ဆရာဝန်နဲ့ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top