Healthy Life Ad
Health Tips

ကင်ဆာရောဂါရှိကြောင်း သိသိချင်း ဘာလုပ်သင့်သလဲ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကင်ဆာရှိကြောင်း သိလိုက်ရချိန်မှာ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ အားငယ်မှု၊ စိတ်လှုပ်ရှားမှု၊ တုန်လှုပ်မှု စတဲ့ ခံစားချက်တွေ ရောပြွမ်းပြီး ခံစားရတာကြောင့် ရှေ ့ဆက်ပြီး ဘာလုပ်ရမလဲဆိုတာကို တွေးတောရခက်နေနိုင်ပါတယ်။ ကတုန်ကယင်ဖြစ်ပြီး မယုံကြည်နိုင်လောက်အောင် ခံစားရပေမယ့် တကယ်ပဲ ကင်ဆာရှိကြောင်း သိရှိပြီးချိန်မှာ အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ဖို့ အကြံပြုချက်တွေရှိပါတယ်။

ကင်ဆာနှင့် ပတ်သက်သော အချက်အလက်များရယူပါ

ကင်ဆာရောဂါရှာဖွေမှုနဲ့ ပတ်သက်ပြီး အခြေခံကျကာ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို ရယူဖို့ ကြိုးစားပါ။ ဆရာဝန်နဲ့ တွေ့ဆုံတဲ့အခါ မိသားစုဝင်တစ်ဦး ဒါမှမဟုတ် အိမ်ထောင်ဖက်ကို ခေါ်သွားပါ။ တကယ်လို့ ဘာမေးရမယ်ဆိုတာ မသေချာရင် အောက်ပါအချက်အလက်တွေကိုမေးဖို့ ချမှတ်ထားပါ။

• ကျွန်တော့်မှာ ဘယ်လိုကင်ဆာ ဖြစ်နေတာလဲ။

• ဘယ်နေရာမှာ ကင်ဆာဖြစ်နေတာလဲ။ ပျံ့နေပြီလား။

• ကင်ဆာကို ကုသနိုင်သလား။ ကင်ဆာကုသနိုင်ခြေ ဘယ်လောက်ရာခိုင်နှုန်း ရှိသလဲ။

• တခြားဘယ်လို စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်သလဲ။

• ဘယ်လိုကုသမှုမျိုးကို ဦးစားပေးသင့်သလဲ။

• ကုသမှုကြောင့် ဘယ်လိုအကျိုးကျေးဇူးရှိမှာလဲ။

• ကုသမှုခံယူနေစဉ် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ။

• ဘယ်အချိန်မှာ ဆရာဝန်ဆီ လာပြသင့်သလဲ။

• ကင်ဆာ ထပ်မံမပျံ့အောင် ဘယ်လိုကာကွယ်နိုင်သလဲ။

• မိသားစုဝင်တွေနဲ့ သားသမီးတွေရော ကင်ဆာဖြစ်နိုင်ခြေ ရှိသလား။

alignnone size-medium wp-image-63004
ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ

ကင်ဆာရောဂါအကြောင်း ဆွေးနွေးရတာ စိတ်မသက်မသာ ဖြစ်စရာကောင်းပေမယ့် သင်ချစ်တဲ့သူတွေရှိနေချိန်မှာ ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးပါ။ ဒါဆိုရင် သတင်းဆိုးကြားရရင်တောင် အထီးကျန်ဝမ်းနည်းတဲ့ စိတ်ခံစားမှု ဖြစ်ပေါ်မှာမဟုတ်ပါဘူး။

ဖြစ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ကြိုတင်ပြင်ဆင်ပါ

ကင်ဆာရောဂါတွေ့ရှိပြီး စတင်ကုသမှု မခံယူခင်အချိန်ဟာ ကြုံလာနိုင်တဲ့ အပြောင်းအလဲတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်ပါ။ ကင်ဆာကုဆေးဝါးတွေကြောင့် ဆံပင်ကျွတ်တာနဲ့ အသားအရေခြောက်သွေ့နွမ်းနယ်နေတာတွေ ဖြစ်လာနိုင်တာကြောင့် အဝတ်အစား၊ မိတ်ကပ်၊ ဆံပင်တု စတာတွေကို ပိုမိုသက်သောင့်သက်သာရှိပြီး အဆင်ပြေအောင် ပြောင်းလဲပြင်ဆင်ထားသင့်ပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်သော ဘဝနေထိုင်ပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံက စွမ်းအင်အဆင့်ကို တိုးစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို အစုံအလင်စားဖို့ လိုတဲ့အပြင် လုံလောက်တဲ့ အနားယူအပန်းဖြေမှုလည်း ရှိရပါမယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်အောင် အနားယူရပါမယ်။ ကင်ဆာကုသမှုကြောင့်ဖြစ်တဲ့ နုံးချည့်ညောင်းညာမှု သက်သာစေဖို့ လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ကုသမှုခံယူနေစဉ် အတောအတွင်း လေ့ကျင့်ခန်းလုပ်တာက ရောဂါဝေဒနာကို သက်သာစေရုံသာမက အသက်ရှည်ရှည်နေရစေပါတယ်။

alignnone size-medium wp-image-63005
မိတ်ဆွေသူငယ်ချင်းနှင့် မိသားစုများ၏ ကူညီမှုကို လက်ခံပါ

မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေက သင့်ကို ပြုစုဖို့ ဆောင်ရွက်ပေးတာ၊ တောက်တိုမယ်ရအလုပ်တွေ လုပ်ပေးတာ၊ အစာတွေပြင်ဆင်ကျွေးမွေးတာတွေ လုပ်ပေးတာကို လက်ခံပါ။ သူတို့ရဲ့ အကူအညီနဲ့ အားပေးစကားတွေက သင်ရဲ ့ခက်ခဲလှတဲ့ အချိန်တွေကို ကျော်လွှားရအဆင်ပြေစေပါတယ်။

ဦးစားပေးကိစ္စများကို ဆောင်ရွက်ပါ

သင့်ဘဝမှာ တကယ်အရေးပါတာကို ရွေးချယ်ဆုံးဖြတ်ပါ။ သင့်ဘဝမှာ တကယ်ပြုလုပ်ချင်ပြီး မပြုလုပ်ဖြစ်သေးတဲ့ ကိစ္စတွေကို အကောင်အထည်ဖော်နိုင်အောင်ကြိုးစားပါ။ လိုအပ်ရင် သင့်မိသားစုဝင်တွေကို ပြောပြပြီး အကူအညီတောင်းပါ။ စိတ်ချမ်းသာမှုကို ရရှိစေပါတယ်။

ပုံမှန်နေထိုင်မှုပုံစံကို ကြိုးစားပြီး တည်ဆောက်ပါ

ကင်ဆာဖြစ်နေပြီဆိုပြီး ရောဂါသည်လိုမျိုး မနေပါနဲ့။ ဖြစ်နိုင်ရင် ပုံမှန်နေထိုင်မှုပုံစံအတိုင်း ကျင့်သားရအောင် ကြိုးစားနေထိုင်ပါ။ လုပ်နိုင်တဲ့ အလုပ်တွေကို လုပ်ဆောင်ပါ။

ကင်ဆာရှိသူ၊ ကင်ဆာကုသအောင်မြင်ထားသူများနှင့် စကားပြောပါ

ဘဝတူရောဂါသည်အချင်းချင်း တွေ့ဆုံတဲ့အခါ ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ခံစားရသမျှ ဝေဒနာအကြောင်းကို ရင်ဖွင့်ပြောဆိုနိုင်တာကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှု ဖြစ်ပေါ်စေပါတယ်။ ကုသနေစဉ်အတွင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အချင်းချင်းပြောပြရင်း နောက်ထပ်ကုသမှုအတွက် ခံနိုင်ရည်ရှိလာစေပါတယ်။

အကောင်းမြင်ပါ၊ ပညာပေးပါ

ကင်ဆာကုသမှု ခံယူနေစဉ်အတွင်း အနားရနေအောင် ကောင်းကောင်းအပန်းဖြေရပါမယ်။ စိတ်ထဲတင်းကျပ်နေရင် မိသားစုဝင် ဒါမှမဟုတ် ဆရာဝန်ကို ရင်ဖွင့်ပြောဆိုသင့်ပါတယ်။ ဒါမှမဟုတ် ခံစားချက်နဲ့ အတွေးတွေးကို စာအုပ်တစ်အုပ်ထဲ ချရေးပါ။ သင့်အနေနဲ့ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းကို သိရှိပြီဆိုရင် တခြားသူတွေမဖြစ်စေဖို့ ပညာပေးဖြန့်ဝေမှုတွေ ပြုလုပ်ပေးပါ။ ကိုးကွယ်ရာ ဘာသာတရားအလိုက် တရားအားထုတ်ပါ။ ရောဂါဖြစ်လာတဲ့အတွက် နောင်တရကြေကွဲဝမ်းနည်းမနေဘဲ တရားအားထုတ်ချိန်၊ အနားယူအပန်းဖြေချိန် ရတယ်လို့ သဘောထားပြီး အချိန်တွေကို အကောင်းဆုံးနည်းနဲ့ နေထိုင်ဖြတ်သန်းသင့်ပါတယ်။

အထက်ပါနည်းလမ်းတွေက ကင်ဆာဝေဒနာရှင်တွေ ဆေးကုသမှု ခံယူစဉ်မှာ စိတ်သက်သာရာရ စေနိုင်တဲ့ နည်းတွေဖြစ်ပါတယ်။

alignnone size-medium wp-image-63006

Most Popular

Healthy Life Ad
To Top