Healthy Life Ad
Health Tips

နှုတ်ခမ်းပေါ်ကဝက်ခြံကို စစ်ဆေးရာမှ အရေပြားကင်ဆာဖြစ်နေမှန်း သိရှိခဲ့သူ

———၊ ကိုထက် ၊———

ကယ်လိဖိုးနီးယားမှာနေထိုင်တဲ့ ထရေစီဖရန့်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက သူ့အပေါ်နှုတ်ခမ်းမှာ ပန်းရောင်အစက်လေး ဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ သူဟာ ဒီအစက်လေးကို ဝက်ခြံလို့ထင်ပြီး မစိုးရိမ်ခဲ့ပေမယ့် ဒီဝက်ခြံလေးက ပျောက်မသွားဖူးဆိုတာကိုတော့ သတိထားနေမိခဲ့ပါတယ်။

တစ်ရက်မှာတော့ သူရဲ့ပန်းရောင်အစက်လေးက အနီရောင်အဖုအဖြစ် ပြောင်းလာတဲ့အတွက် ဖရန့်ဟာ အရေပြားအထူးကုဆရာဝန်ထံ သွားရောက်ပြသခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာတော့ သူဟာ အရေပြားအပေါ်ယံအလွှာမှာ ဖြစ်လေ့ရှိတဲ့ အရေပြားကင်ဆာတစ်မျိုးဖြစ်ပွားနေတာကို သိရှိခဲ့ရပါတယ်။ ဒီကင်ဆာဟာ ဒုတိယအဖြစ်အများဆုံး အရေပြားကင်ဆာအမျိုးအစားတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ သူရဲ့အရေပြားဆရာဝန်က မြင်မြင်ချင်းပဲ ဒါဟာဝက်ခြံကနေ အနာဖြစ်တာမဟုတ်ဘဲ ရောဂါ တစ်မျိုးမျိုးဖြစ်နေပြီဆိုတာကို သိခဲ့ပါတယ်။ ဒါကြောင့် အသားစစစ်ဆေးမှုပြုလုပ်ခဲ့ပြီး သူဟာ scc အမျိုးအစား အရေပြားကင်ဆာ ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရှိခဲ့ပါတယ်။

အခြေအနေမဆိုးခင် သိရှိခဲ့ရတဲ့အတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ဖရန့်ဟာ ကင်ဆာဆဲလ် လုံးဝကင်းစင်တဲ့သူ ပြန်လည်ဖြစ်လာပါတယ်။

“ကင်ဆာဆိုတာ သိလိုက်ရချိန်မှာ တော်တော်လေးကို တုန်လှုပ်သွားခဲ့ပါတယ်။ အခုလုံးဝကုသအောင်မြင်ပြီး ပျောက်သွားတယ်ဆိုတော့လည်း အရမ်းဝမ်းသာခဲ့ရပါတယ်၊ တခြားသူတွေကိုလည်း အရေပြားပေါ်မှာ မသင်္ကာတာရှိရင် ဆရာဝန်နဲ့ မြန်မြန်ပြဖို့ တိုက်တွန်းပါတယ်”လို့ ဖရန့်က ပြောပြခဲ့ပါတယ်။

ဒီကင်ဆာဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ ခေါင်း၊ လည်ပင်းနဲ့ လက်ဖျံတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။ အစက်ကလေးကနေတစ်ဆင့် အနာဖြစ်လာလေ့ရှိတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ နှစ်စဉ် ဒီလိုကင်ဆာအမျိုးအစား ဖြစ်ပွားသူ ၁ သန်းခန့်ရှိပြီး လူဦးရေ ၁ သောင်းခွဲခန့် သေဆုံးလျက်ရှိတယ်လို့ သိရပါတယ်။

လတ်တလောလေ့လာမှု စစ်တမ်းတွေအရ အသက် ၁၈ နှစ်နဲ့ ၃၉ နှစ်ကြား အမျိုးသမီးတွေဟာ အရေပြားကင်ဆာဖြစ်ပွားနှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ၁၉၇၀ ခုနှစ်မှ ၂၀ဝ၉ ခုနှစ်အတွင်း စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းတွင်း အရေပြားကင်ဆာဖြစ်ပွားနှုန်း ၈ ဆထိ မြင့်မားလာပြီး ဖရန့်ဖြစ်ပွားခဲ့တဲ့ အရေပြားကင်ဆာအမျိုးအစား ဖြစ်ပွားနှုန်းဟာလည်း ၃ ဆအထိ မြင့်မားလာနေတယ်လို့ သိရပါတယ်။

လူဦးရေထူထပ်လာပြီး ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်မှာ လေထုဟာ နေရောင်ခြည်ထဲမှ အန္တရာယ်ရှိတဲ့ ဓာတ်တွေကို ဖယ်ရှားနိုင်စွမ်း လျော့ကျလာနေတာကြောင့် ဖြစ်နိုင်တယ်လို့ ပညာရှင်တချို့က ဆိုပါတယ်။ အဓိကအကြောင်းရင်းက နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကြောင့်ဖြစ်တဲ့အတွက် နေရောင်ထဲမထွက်ဖို့၊ နေရောင်ကာခရင်မ်တွေ လိမ်းထားဖို့ စတဲ့အချက်တွေ လိုက်နာဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက အကြံပေးထားပါတယ်။

(Ref;DM 15-8-19)

Most Popular

Healthy Life Ad
To Top