Healthy Life Ad
Q & A

အရွယ်မရွေး အဖြစ်များနေသော ဖျားခြင်း

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ဖျားတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ ဆရာ။

A. ကိုယ်အပူချိန် ၃၉ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ကျော်ရင် အဖျားရှိတာပဲ။

Q. အဖျားကို ဘယ်လိုတိုင်းပါသလဲ ဆရာ။

A. အဖျားကို တိုင်းတာတဲ့နည်းတွေက မျိုးစုံရှိတယ်။ စအိုထဲကိုတိုင်းတာ (Anal Temperature)၊ ပါးစပ်ထဲကိုတိုင်းတာ (Oral Temperature)၊ ချိုင်းကြားမှာတိုင်းတာ(Axilliary Temperature) နဲ့ နားရွက်ထဲတိုင်းတာ (Ear Temperature) ဆိုပြီး လေးမျိုးရှိပါတယ်။ အမှန်ဆုံးက စအိုထဲကို တိုင်းတာပဲ ဖြစ်ပါတယ်။ ဒုတိယအမှန်ဆုံးက နားထဲတိုင်းတာဖြစ်ပြီး နောက်ဆုံးကျမှ ပါးစပ်နဲ့ချိုင်းကြားမှာတိုင်းရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စအိုထဲတိုင်းဖို့ဆိုတာ အဆင်မပြေတော့ ပါးစပ်ထဲမှာ သာမိုမီတာထည့်တိုင်းတာ များတယ်။ ပြီးတော့ ချိုင်းကြားထဲမှာ ထည့်တိုင်းပါတယ်။ ပါးစပ်ထဲထည့်တိုင်းရင်တော့ တစ်ဒီဂရီ စင်တီဂရိတ် ထည့်ပေါင်းရပါတယ်။ ဖာရင်ဟိုက်ဆိုရင်လည်း တစ်ဒီဂရီဖာရင်ဟိုက် ထည့်ပေါင်းပြီး ၉၈ ဒသမ ၆ ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်တယ်။

Q. အဖျားတိုင်းတဲ့ နည်းတွေကို သိပါရစေဆရာ။

A. တိုင်းတဲ့နည်းတွေက ပြဒါးတိုင်နဲ့တိုင်းတယ်။ အခုနောက်ပိုင်း နားထဲတိုင်းတဲ့ ကိရိယာပေါ်လာတယ်။ သူက လေမှုတ်စက်လိုမျိုး ထိပ်မှာအချွန်လေးနဲ့ နားအဝကိုတေ့လိုက်ရင် ဂဏန်းတွေပေါ်လာတယ်။ အဲဒါက ပြဒါးထက် ပိုတိကျတယ်။ နိုင်ငံခြားမှာဆိုရင် ဒီကိရိယာနဲ့ပဲ တိုင်းတော့တယ်။ ဒီမှာလည်း ဝယ်လို့ရပါတယ်။ ဒီကိရိယာက ပိုတိကျပြီး ပိုကောင်းတယ်။ တချို့ကျတော့လည်း နဖူးကိုကပ်ပြီး တိုင်းရတဲ့ Sensor လေးနဲ့ သုံးကြတယ်။ နောက်တစ်ချက်က အဖျားတိုင်းတဲ့အခါ မနက်တိုင်းတာနဲ့ ညနေတိုင်းတာ သိပ်မတူဘူး။ ညနေပိုင်း အဖျားတိုင်းရင် နည်းနည်းလေး အဖျားတက်တယ်။

Q. ဖျားတဲ့ကာလနဲ့ ကိုယ်အပူချိန်သတ်မှတ်ချက်တွေကိုလည်း သိပါရစေဆရာ။

A. ဖျားတဲ့ကာလက နှစ်ပတ်မတိုင်ခင်ဆိုရင် Acute Fever (ကာလတိုအဖျား)လို့ခေါ်ပြီး နှစ်ပတ်ကျော်သွားရင် Chronic Fever (နာတာရှည်အဖျား)လို့ ခေါ်တယ်။ အပူချိန်ပေါ်မူတည်ပြီး ခွဲခြားတာကျတော့ ၁၀၈ ဒီဂရီဖာရင်ဟိုက်ဆိုရင် အဖျားက အရမ်းကြီးနေပြီ (Severe Fever)၊ ၁၀၄ လောက်အထိကို အဖျားအသင့်အတင့် (Moderate Fever)၊ ၁၀ဝ ကနေ ၁၀၂ ကို Mild လို့ သတ်မှတ်ထားပါတယ်။

Q. ဘာကြောင့် ဖျားရတာပါလဲ ဆရာ။

A. ဖျားရတဲ့အကြောင်းက အမျိုးမျိုးရှိပါတယ်။ နံပါတ်တစ်က ပိုး(Infection)ဝင်လို့ ဖျားတာပါ။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပရိုတိုဇွဆိုတဲ့ ကူးစက်ပိုးတွေကြောင့် ဖျားနိုင်ပါတယ်။

နံပါတ်နှစ်က ရောင်ရမ်းမှုကြောင့်ဖျားနိုင်ပါတယ်။

နံပါတ်သုံးက တွယ်ဆက်တစ်သျှူးတွေ ထိခိုက် ရင်လည်းဖျားတတ်ပါတယ်။

နံပါတ်လေးက ကင်ဆာကြောင့်လည်း ဖျားတတ်ပါတယ်။

နံပါတ်ငါးက ဆေးဝါးတွေကြောင့် ဖျားတတ်ပါ တယ်။ ဥပမာပြောရရင် ဂေါက်အဆစ်အမြစ်ရောင်ရောဂါမှာသုံးတဲ့ Allpurinol ဆေးက မတည့်ရင် ဖျားတတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတစ်ခါကြုံဖူးပါတယ်။ လူနာတစ်ယောက်က ဘယ်လိုမှအဖျားမကျတော့ အကြောင်းရင်းလိုက်ရှာရင်း ရှာရင်း Allpurinol ဆေးသောက်နေတာတွေ့တော့ ဖြုတ်ပေးလိုက်မှ အဖျားကျသွားပါတယ်။ ဖျားတယ်ဆိုတာ ခန္ဓာကိုယ်က တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ ပိုး ဒါမှမဟုတ် ရောင်ရမ်းမှုရှိရင် Pyrogen တွေကြောင့် ကိုယ်အပူချိန်ကို ထိန်းညှိပေးတဲ့ Thermoregulatory Center က ပျက်သွားပြီး ကိုယ်အပူချိန်တက်လာတယ်။ Pyrogen ကို ဖယ်လိုက်ရင် အဖျားကျသွားပါတယ်။

Q. ဖျားတဲ့လူနာ ရောက်လာတဲ့အခါ အကြောင်းရင်းကို ဘယ်လိုရှာဖွေရပါသလဲ ဆရာ။

A. ဖျားပြီဆိုရင် တစ်ပတ်အောက်လောက်ဆို ဆရာတို့ အများဆုံး စဉ်းစားတာက တုပ်ကွေးပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဖျားဆိုရင် ထူးခြားချက်က ခုနစ်ရက်လောက်ပဲ ဖျားတယ်။ အဖျားကြီးတယ်။ ပြီးတော့ ချမ်းတုန်ဖျား (Chilled Fever) တတ်တယ်။ ဗိုင်းရပ်စ်ကြောင့် ဖျားတာမှာ နှစ်မျိုးကွဲသွားတာက အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ကြောင့်ဖျားရင် လည်ချောင်းနာတယ်၊ နှာစေးတယ်၊ ချောင်းဆိုးတယ်။ ဒါက ပုံမှန်အအေးမိ၊ နှာစေး၊ ချောင်းဆိုးတာ ဖြစ်ပါတယ်။ ဒါက သိပ်ပြဿနာမရှိပါဘူး။ နောက်တစ်ခုက အဖျားတစ်ခုတည်းတက်နေတယ်၊ ကျန်တာ ဘာမှမဖြစ်ဘူးဆိုရင် သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးရိမ်ရတယ်။ ဒါဆိုရင် ဖျားတာက ခုနှစ်ရက်လောက်၊ ငါးရက်မြောက်နေ့လောက်မှာ ဖျားရင်း အညိုရောင်အန်တာနဲ့ ရှော့ခ်ရတာတွေ ဖြစ်တတ်တယ်။ တကယ်လို့ ရှော့ခ်မရဘူးဆိုရင် အနီစက်တွေပေါ်လာပြီး ပြန်ကောင်းသွားပါတယ်။

“ဖျားရင် ရေပတ်တိုက်လို့ ရပါတယ်။ ချွေးမအောင်းစေချင်ဘူး။ ချွေးထွက်စေချင်တယ်၊ ဖျားတဲ့အခါ ချွေးထွက်တယ်ဆိုရင် အပူတွေ အငွေ့ပြန်ပြီး အဖျားကျသွားပါတယ်။ ဒါကြောင့် ချွေးထွက်အောင် နေစေချင်ပါတယ်။ ဒီနေရာမှာ လူတချို့က ဘာလုပ်သလဲဆိုရင် ဖျားတော့ လေစိမ်းမတိုက်အောင် စောင်တွေတအားခြုံ၊ တံခါးတွေပိတ်လုပ်တော့ ချွေးကမထွက်တော့ဘူး၊ အငွေ့မပြန်နိုင်တော့ အဖျားက မကျဘူး။”

တစ်ပတ်အတွင်းမှာဆိုရင် တုပ်ကွေးဖြစ်နိုင်တယ်၊ သွေးလွန်တုပ်ကွေးလည်း ဖြစ်နိုင်တယ်၊ နောက်တစ်ခုက ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒီအခါ ဆီးသွားရင် ပူလား၊ အောင့်လားဆိုတာတွေ မေးမြန်းရတယ်။ ချောင်းဆိုးပြီးရင် ကျပ်တယ်ဆိုရင် နမိုးနီးယားဖြစ်နိုင်သလို အဆုတ်လေပြွန်ရောင်တာလည်း ဖြစ်နိုင်တယ်။ ဗိုက်အောင့်တယ်၊ ညာဘက်နံရိုးအောက်မှာ အောင့်တယ်ဆိုရင် သည်းခြေအိတ်ရောင်တာလည်း ဖြစ်နိုင်တယ်၊RIF ဆိုတဲ့ ဗိုက်အောက်ပိုင်းအောင့်တယ်ဆိုရင် အူအတက်ရောင်တာ ဖြစ်နိုင်တယ်။ ဒါတွေကတော့ ဖြစ်တဲ့လက္ခဏာတွေပေါ် မူတည်ပြီး လိုက်စဉ်းစားရတာပါ။ ပြီးတော့ ခရီးကပြန်လာရင် ငှက်ဖျားရောဂါကို စဉ်းစားရပါတယ်။

Q. သွေးစစ်ဆေးမှုကော လုပ်ပါသလား ဆရာ။

A. သွေးဖောက်စစ်လိုက်လို့ CP ရလဒ်မှာ သွေးဖြူဥတွေ တက်နေတယ်ဆိုရင် ဘက်တီးရီးယားပိုးဝင်တာကြောင့် ဖျားတာပါ။ ဒါဆိုရင် ပဋိဇီဝပိုးသတ်ဆေး ကောင်းကောင်းပေးလိုက်ရင် သက်သာသွားပါတယ်။ သွေးဖြူဥတွေ သိပ်ကျနေတယ်ဆိုရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါဆိုရင်တော့ ဆေးပေးလည်း သိပ်မထူးပါဘူး၊ သူ့ဘာသာသူ ပျောက်သွားတတ်ပါတယ်။ တစ်ပတ်ကျော်သွားရင် တိုက်ဖွိုက်ကို စဉ်းစားရပါတယ်။ တီဘီရောဂါကို စဉ်းစားရပါတယ်။ အဖျားက သုံးပတ်ကျော်သွားပြီ၊ ဘာအကြောင်းရင်းကိုမှ ရှာလို့မတွေ့ဘူးဆိုရင် သတိထားရပါတယ်။ ရောဂါလက္ခဏာမသိတဲ့ (POU) အဆင့်မှာဆိုရင် ဆရာဝန်တွေ လိုလာပါပြီ။

Q. ဖျားရင် ဘယ်သူတွေက စိုးရိမ်ရပါသလဲ ဆရာ။

A. ကလေးတွေဆိုရင် ဖျားတဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် တက်တတ်ပါတယ်။ လူကြီးတွေကတော့ ဖျားရင် မတက်တတ်ပါဘူး။ ကလေးတွေက အပူချိန်အတက်၊ အကျကို မခံနိုင်တာကြောင့် တက်တတ်ပါတယ်။ ကလေးတွေ ဖျားတဲ့အခါ ကလေးကတက်ရင်ပဲဖြစ်ဖြစ်၊ မှိန်းနေရင်ပဲဖြစ်ဖြစ် နီးစပ်ရာဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်။ ဖျားတော့ဖျားပေမယ့် လန်းလန်းဆန်းဆန်းရှိရင် ကိစ္စမရှိပါဘူး။ လူကြီးလည်း အဖျားက ၁၀၄-၁၀၅ ဖြစ်ပြီး သတိလစ်နေရင် အဖျားက ရက်ရှည်နေရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။ ဖျားရင် အသက်ကြီးကြီးလူတွေ၊ အသက်ငယ်တဲ့ ကလေးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေ(ဆီးချိုသမား၊ နာတာရှည်ပန်းနာရင်ကျပ်ရောဂါသည်၊ ကျောက်ကပ်၊ နှလုံးအားနည်းတဲ့သူတွေ၊ HIV ရှိသူ)တွေက စိုးရိမ်ရပါတယ်။

Q. ဖျားတဲ့အခါ ပြည်သူလူထုအနေနဲ့ မိမိဘာသာ ဘယ်လိုစောင့်ရှောက်သင့်ပါသလဲ ဆရာ။

A. ပြည်သူလူထု ဖျားတယ်ဆိုရင် စိတ်ချလက်ချ လုပ်နိုင်တာက အစာစားပြီးတဲ့အခါ ပါရာစီတမော ၅၀ဝ မီလီဂရမ်ကို တစ်နေ့လေးကြိမ် သောက်လို့ရပါတယ်။ နှာစေးတယ်ဆိုရင် အဲဒါတွေ သက်သာအောင် တခြားဆေးတွေ တွဲသောက်လို့ရတယ်။ နောက်တစ်ခုက ရေပတ်တိုက်လို့ရပါတယ်။ ချွေးမအောင်းစေချင်ဘူး။ ချွေးထွက်စေချင်တယ်၊ ဖျားတဲ့အခါ ချွေးထွက်တယ်ဆိုရင် အပူတွေ အငွေ့ပြန်ပြီး အဖျားကျသွားပါတယ်။ ဒါကြောင့် ချွေးထွက်အောင် နေစေချင်ပါတယ်။ ဒီနေရာမှာ လူတချို့က ဘာလုပ်သလဲဆိုရင် ဖျားတော့ လေစိမ်းမတိုက်အောင် စောင်တွေတအားခြုံ၊ တံခါးတွေပိတ်လုပ်တော့ ချွေးကမထွက်တော့ဘူး၊ အငွေ့မပြန်နိုင်တော့ အဖျားကမကျဘူး။ ဥပမာ ပြောရရင် ကော်ဖီတစ်ခွက်ကိုပူချင်ရင် အဖုံးအုပ်ထားရတယ်၊ အေးချင်ရင် အဖုံးဖွင့်ပြီး လေနဲ့မှုတ်ပေးရတယ်။ ဒီသဘောပဲ ဖျားရင် နွေးနွေးထွေးထွေးနေလို့ ရပေမယ့် အခန်းထဲ ပိတ်လှောင်နေရင် အငွေ့မပျံတော့ အထဲမှာပဲ အပူချိန်တက်ပြီး အဖျားပိုကြီးပါတယ်။ လေဝင်လေထွက် ကောင်းတဲ့နေရာမှာနေပါ၊ နွေးနွေးထွေးထွေးနေပါ။ ဖျားရင် ပဋိဇီဝပိုးသတ်ဆေး သောက်သင့်၊ မသင့်ဆိုတာတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဖျားတာက အကြောင်းအမျိုးမျိုး ရှိတဲ့အတွက် နှစ်ရက်-သုံးရက်ကြာလို့မှ မပျောက်ရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူသင့်ပါတယ်။ ရေခဲရေနဲ့ ရေပတ်တိုက်တာကို လက်မခံပါဘူး။ ရေခဲရေနဲ့ ရေပတ်တိုက်ရင် သွေးကြောကျုံ့သွားတဲ့အတွက် ပြန်ဖျားနိုင်လို့ပါ။ ရိုးရိုးရေနဲ့ ရေပတ်တိုက်မှသာ သွေးကြောတွေကျယ်လာပြီး အဖျားကျသွားမှာပါ။

ဖျားလို့ ထမင်းမစားရဘူးဆိုတာမရှိပါဘူး။ ခြွင်းချက်နေနဲ့ တိုက်ဖွိုက်မှာပဲရှိပါတယ်။ ရေကို များများသောက်သင့်ပါတယ်။ ဖျားတဲ့အချိန်မှာ အဖျားကျအောင်ဆိုပြီး လေ့ကျင့်ခန်းလုပ်စရာတော့ မလိုပါဘူး။ လုပ်နိုင်ရင် အသင့်အတင့်လောက်ပဲ လုပ်ပေးပါ။ နောက်တစ်ခုက ဖျားရင် မက်ကလောင်ခြစ်တယ်ဆိုတာကလည်း သိပ္ပံနည်းကျ ထိရောက်တယ်ဆိုတဲ့ လေ့လာမှု မရှိပါဘူး။ မသန့်ရှင်းတဲ့ အရာတွေနဲ့ ခြစ်ရင်တော့ အန္တရာယ်ဖြစ်နိုင်ပါတယ်။ အဲဒီလို ခြစ်လိုက်ရင် သက်သာတယ်လို့ ထင်နေကြတယ်။ တကယ့်လက်တွေ့မှာတော့ ထိရောက်မှု မရှိပါဘူး။

Most Popular

Healthy Life Ad
To Top