Healthy Life Ad
Health Tips

ပန်းသီးတွင် လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယား သန်းပေါင်းများစွာပါဝင်

———၊ ကိုထက် ၊———

ပန်းသီးမှာ လူသားအကျိူးပြု ဘက်တီးရီးယားပေါင်း သန်းနဲ့ချီပြီး ပါဝင်တယ်လို့ သိပံ္ပပညာရှင်တွေက ဆိုပါတယ်။ ပန်းသီးကဲ့သို့ တကျွတ်ကျွတ်မြည်အောင် ဝါးစားလို့ရတဲ့ သစ်သီးတွေဟာ ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေတဲ့ အသီးတွေဖြစ်တယ်လို့ ပညာရှင်တွေက ထုတ်ပြန်ပြောကြားထားကြပါတယ်။

ဒီလိုကောင်းတဲ့ အထောက်အကူဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ အသီးတွေထဲမှာ ပါဝင်တဲ့ သန်းပေါင်းများစွာသော အကျိုးပြုဘက်တီးရီးယားတွေဟာ အစာအိမ်နဲ့ အူတွေထဲကိုရောက်ကာ မကောင်းတဲ့ ဘက်တီးရီးယားကို ခန္ဓာကိုယ်မှ တိုက်ဖျက်ရာမှာ ကူညီပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် အစာခြေစနစ်ရှိ အင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ကျန်းမာနေစေဖို့ အထောက်အကူပြုစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွင်း အကျိုးပြုဘက်တီးရီးယား များများရှိခြင်းက ကောင်းတဲ့အချက်ဖြစ်ပြီး ပန်းသီးတစ်လုံးစားလိုက်ပါက ဒီလိုအကျိုးပြုဘက်တီးရီးယား ၁၀ သန်းခန့် ပါဝင်တယ်လို့ လေ့လာသူတွေက ပြောပြခဲ့ပါတယ်။ တကယ်လို့ ပန်းသီးရဲ ့ အလယ်အူတိုင်နဲ့ အစေ့တွေကိုပါ စားမယ်ဆိုရင်တော့ ဆယ်ဆခန့်ပိုများတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာသူတွေက အစေ့နဲ့ အူတိုင်တွေမှာ အကျိုးပြုဘက်တီးရီးယားပါဝင်မူက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“လူအများစုကတော့ အစေ့နဲ့ အလယ်အူတိုင်ကို မစားကြပါဘူး၊ အဲ့ဒီတော့ ခန္ဓာကိုယ်အတွက် အလွန်ကောင်းတဲ့ အကျိုးပြုဘက်တီးရီးယား သန်း ၉၀ လောက်ကို လွှင့်ပစ်ပြီး ၁၀ သန်းလောက်ပဲ ရနေကြတယ်”လို့ လေ့လာမှုပြုလုပ်ခဲ့သူတစ်ဦးဖြစ်တဲ့ ပါမောက္ခဂဘာရီလီဘတ်ခ်က ပြောပြခဲ့ပါတယ်။

သြစတေးလျတက္ကသိုလ်မှ လေ့လာသူတွေဟာ စတိုးဆိုင်မှ ပန်းသီးတချို့နဲ့ သဘာဝခြံထွက်ပန်းသီးတချို ့ကို ဝယ်ယူပြီး စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့က ပန်းသီးတစ်လုံးချင်းစီရဲ ့ အစေ့၊ အခွံ၊ အသားနဲ့ အညှာတွေကို တစ်ခုချင်းစီ လေ့လာမှုပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရလဒ်တွေအရ ပန်းသီးအစေ့နဲ့ အူတိုင်တွေမှာ အကျိုးပြုဘက်တီးရီးယား ၁၀ ဆခန့် ပိုများများပါဝင်ပြီး ပန်းသီး ၂၄၀ ဂရမ်မှာ အကျိုးပြုဘက်တီးရီယား သန်း ၁၀ဝ ပျမ်းမျှပါဝင်တယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။ လတ်ဆတ်တဲ့ အသီးတွေက ဘက်တီးရီးယားကောင်ရေ ပိုများများပါဝင်ပါတယ်။ သဘာဝခြံထွက် ပန်းသီးတွေဟာ စိုက်ပျိုးရေးခြံထွက် စတိုးဆိုင်တွေက ပန်းသီးတွေထက် အကျိုးပြုဘက်တီးရီးယား အမျိုးအစား ပိုများလေ့ရှိတယ်လို့လည်း သိရပါတယ်။

တချို ့သောအစားအစာတွေ၊ ဥပမာ-အနီရောင်အသားတွေ အလွန်အများအပြားစားသုံးပါက အူအတွင်း ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတချို ့ ထွက်ပေါ်လာပါတယ်။ သဘာဝခြံထွက် ပန်းသီးတွေမှာ ထိုဓာတုပစ္စည်းတွေကို ချေဖျက်ပေးနိုင်တဲ့ အကျိုးပြုဘက်တီးရီးယား အမျိုးအစားတွေ ပိုမိုပါဝင်တယ်လို့ ဆိုပါတယ်။

ပန်းသီးမှာ စိတ်ခံစားချက်ကို အထောက်အကူပေးတဲ့ ဆီရိုတိုနင်ဓာတ်လည်း ပါဝင်တဲ့အတွက် အိပ်စက်ခြင်းကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ အမှည့်လွန်မနေဖို့နဲ့ လတ်ဆတ်ဖို့သာ ဂရုစိုက်ဖို့ လိုအပ်ပြီး များများစားလေ ခန္ဓာကိုယ်တစ်ခုလုံးအတွက် များများကောင်းလေ ဖြစ်တဲ့အတွက် တစ်နေ့ပန်းသီးတစ်လုံး စားပါက ဆရာဝန်နဲ့ ဝေးဝေးနေရမယ်ဆိုတဲ့ ဆောင်ပုဒ်က တကယ်အမှန်ဖြစ်တယ်ဆိုတာ အတည်ပြုခဲ့ကြပြီ ဖြစ်ပါတယ်။

(Ref;DM 24-87-2019)

Most Popular

Healthy Life Ad
To Top