Healthy Life Ad
Health Tips

ပြောင်းလဲမှု ၃ ခုပြုလုပ်လိုက်ရုံနဲ့ တစ်နှစ်အတွင်း ပေါင် ၉၀ နီးပါးကျစေရမယ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အသက် ၂၆ နှစ်အရွယ် အမျိုးသမီး အမန်ဒါက တစ်နှစ်အတွင်း ကိုယ်အလေးချိန် ၈၈ ပေါင်ကျော် လျော့ကျခဲ့သူ ဖြစ်ပါတယ်။ နဂိုက အမန်ဒါရဲ ့ ကိုယ်အလေးချိန်ဟာ ၂၂၂ ပေါင်ရှိခဲ့ပြီး သူက တစ်နှစ်တာအတွင်း ပေါင် ၉၀ ခန့် လျော့ကျခဲ့တာကို လူတိုင်း အံ့အားသင့်ခဲ့ကြပါတယ်။ သူကလည်း ဒီလို ကိုယ်အလေးချိန် ပေါင် ၉၀ ကျခဲ့ရတာက ဘဝနေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှု ၃ ခု လုပ်ခဲ့လို့ဖြစ်တယ်လို့ ဆိုထားပါတယ်။

(၁) အသင့်အတင့် လေ့ကျင့်ခန်းလုပ်ခြင်း

အဝလွန်သူအများစုက ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်လျှော့ဖို့ စဉ်းစားကြပေမယ့် အမန်ဒါကတော့ အသင့်အတင့်သာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုသာ လုပ်ခဲ့သူပါ။ နေ့တိုင်း အနည်းဆုံး မိနစ် ၂၀ လေ့ကျင့်ခန်းလုပ်ခဲ့တယ်လို့ဆိုပြီး နည်းပြအကူအညီမပါဘဲ တစ်ဦးတည်း လေ့ကျင့်ခန်းလုပ်တယ်လို့ ဆိုပါတယ်။ အသင့်အတင့်သာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေကတော့-

• လမ်းလျှောက်ခြင်း

• ရေကူးခြင်း

• တစ်နာရီ ၅ မိုင်နှုန်း စက်ဘီးစီးခြင်း

• ဘော်လီဘောကစားခြင်း

• ရေထဲမှာ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ခြင်း

• ကြိုးခုန်ခြင်း

• လှေကားတက်ခြင်းတို့ ဖြစ်ကြပါတယ်။

ဒီလေ့ကျင့်ခန်းတွေက မလိုချင်တဲ့ ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် အလွန်အသုံးဝင်ပါတယ်။

(၂) အစားအစာပမာဏကို တင်းကျပ်စွာ ထိန်းချုပ်ခြင်း

အမန်ဒါကတော့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး ဘာကိုမစားဘူး၊ ဘာကိုစားမယ်လို့ သိပ်မတင်းကျပ်ဘဲ စားတဲ့ပမာဏကို ထိန်းချုပ်လေ့ရှိသူပါ။ တစ်နှစ်အတွင်း ကိုယ်အလေးချိန် ၈၈ ပေါင် လျော့ကျအောင် အမန်ဒါက စားတဲ့ပမာဏကို လျှော့ချတဲ့နည်း ကျင့်သုံးပါသတဲ့။ စားသမျှအစာတိုင်းမှာ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစာတွေဖြစ်အောင် ကြိုးစားတတ်ပါတယ်။ ဒါပေမဲ့ အချိုရည်၊ သကြားပါဝင်မှုများတဲ့ အစားအသောက်တွေကိုတော့ အမန်ဒါက ရှောင်ကြဉ်ပါတယ်။

(၃) ပရိုတင်းပါဝင်မှုများသော အစားအသောက်စားခြင်း

ပရိုတင်းက အဝလွန်တာကို တိုက်ဖျက်ပေးတယ်လို့ လူအများက မသိကြပါဘူး။ ပရိုတင်းပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသောက်တာက ကိုယ်ခံစွမ်းအားမြင့်တက်ပြီး ကျန်းမာစေပါတယ်။ ပရိုတင်းဓာတ်က ကြွက်သားတွေကို တည်ဆောက်ပေးတဲ့အတွက် အဆီပိုကို မြန်မြန်ကျစေပါတယ်။ ဒီနည်းက အဆီချေဖျက်ရာမှာ လိုအပ်တဲ့ အင်ဇိုင်းတွေကိုလည်း အားဖြည့်ပေးပါတယ်။ ပရိုတင်းဓာတ်က ဆာလောင်မှုကို လျော့ကျစေတာကြောင့် ဗိုက်ဆာချိန်မှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေကို အလွန်အမင်း မစားဖြစ်စေတော့ပါဘူး။

ပရိုတင်းပါဝင်မှုမြင့်မားတဲ့ အစားအသောက်တွေကတော့-

• ဒိန်ခဲ

• နွားနို့

• ဥအမျိုးမျိုး

• အဆီနည်းအမဲသား

• ကြက်ဆင်ရင်ပုံသား

• ဆာဒင်းငါး

• မြေပဲထောပတ်တို့ ဖြစ်ကြပါတယ်။

ပရိုတင်းပါဝင်မှုမြင့်မားတဲ့ အစားအသောက်တွေက လူတိုင်းအတွက် အမြဲစားသင့်တာတော့ မဟုတ်ပါဘူး။ ရေတိုစားရင်တော့ အန္တရာယ်ကင်းပါတယ်။

အကြံပြုချက်

အမန်ဒါကတော့ ဒီလို နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာခဲ့တာကြောင့် တစ်နှစ်အတွင်း ပေါင် ၉၀ နီးပါး လျော့ကျခဲ့ပေမယ့် သင့်အနေနဲ့ မလိုက်နာခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုထားပါတယ်။

Most Popular

Healthy Life Ad
To Top