Healthy Life Ad
Life Style

မျက်ဝန်းထောင့်အရေးကြောင်း သက်သာစေမည့် အိမ်တွင်းနည်းများ

———၊ လရိပ်မေ ၊———

မျက်စိအပြင်ဘက်ထောင့် အနီးမှာပေါ်လာတဲ့ အရေးကြောင်းကို ကျီးကန်းခြေထောက်လို့ ခေါ်ပါတယ်။ ဒီအရေးကြောင်းတွေက ပြုံးရယ်လွန်းတာကြောင့် ဖြစ်တတ်သလို အိုမင်းမှုရဲ့ အခြေခံအကျဆုံး လက္ခဏာလည်း ဖြစ်ပါတယ်။

ကျီးကန်းခြေထောက်ဖြစ်ရခြင်း အကြောင်းရင်း

ကျီးကန်းခြေထောက်ဟာ အသက်ကြီးလာတဲ့အခါ အရေပြားအိုမင်းမှု လက္ခဏာတစ်ရပ်အနေနဲ့ အမျိုးသားရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်တဲ့ အရေးကြောင်းပါ။ ပြုံးရယ်လွန်းတာ၊ မျက်မှောင်ကြုတ်တာနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရတာတို့ကြောင့် ကျီးကန်းခြေထောက် ဖြစ်ရတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားဟာ ဆွဲဆန့်နိုင်စွမ်း လျော့ကျလာပြီး မျက်နှာမှာ ကျီးကန်းခြေထောက် ဖြစ်လာပါတယ်။

ကျီးကန်းခြေထောက် ကင်းဝေးစေရန်

ကျီးကန်းခြေထောက်ဟာ အသက်ကြီးလာတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။ ဈေးကွက်ထဲမှာ အရေးကြောင်းလျော့ပါးစေတဲ့ ခရင်မ်တွေ အများအပြားရှိပါတယ်။ အရွယ်မတိုင်ခင် အရေပြားအိုမင်းမှုကို ရှောင်လွှဲနိုင်ဖို့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။ သင့်မျက်ဝန်းထောင့်မှာ ပေါ်လာတဲ့ အရေးကြောင်းတွေ လျော့ပါးသက်သာစေဖို့ မီးဖိုချောင်သုံးပစ္စည်းတွေ သုံးသင့်ပါတယ်။

သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး မျက်ဝန်းထောင့်နေရာပေါ် ပုံမှန်ကပ်ပေးပါ။ ပြီးရင် မိနစ် ၂၀ ခန့် ထားပြီးမှ ဆေးကြောလိုက်ပါ။

အာလူး

အာလူးကို ရေစင်အောင်ဆေးကာ ပါးပါးလှီးပြီး မျက်ဝန်းတဝိုက် ကပ်ပေးရင်လည်း မျက်ဝန်းညိုတာကို သက်သာစေသလို အရေးကြောင်းကို လျော့ကျစေပါတယ်။ အာလူးကို အရည်ညှစ်ပြီး မျက်ဝန်းထောင့်အနားကို သုတ်လိမ်းပေးပါ။ ပုံမှန်သုတ်လိမ်းပေးတာကြောင့် ရက်အနည်းငယ်အကြာမှာ မျက်ဝန်းထောင့်အရေးကြောင်းတွေက လျော့ပါးသက်သာသွားပါလိမ့်မယ်။

ကြက်ဥအကာ၊ ဘဲဥအကာ

မျက်ဝန်းထောင့်အရေးကြောင်း ကင်းစေမယ့် နောက်တစ်နည်းက ကြက်ဥ၊ ဘဲဥအကာကို သုံးရမှာဖြစ်ပါတယ်။ ကြက်ဥအကာကို မျက်ဝန်းတစ်ဝိုက်တင်မက မျက်နှာတစ်ပြင်လုံးကို သုတ်လိမ်းပေးပါ။ အချိန် ၁၅ မိနစ်အကြာမှာ ရေအေးဆွတ်ထားတဲ့ ဂွမ်းစနဲ့ သုတ်လိမ်းပေးပါ။ ကြက်သီးနွေးရေနဲ့ မဆေးကြောပါနဲ့။

Most Popular

Healthy Life Ad
To Top