Healthy Life Ad
Health Tips

ကျန်းမာဖို့ တစ်နေ့ခြေလှမ်း တစ်သောင်းပြည့်အောင် ဘယ်လိုလျှောက်ကြမလဲ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

လမ်းလျှောက်တာက လေ့ကျင့်ခန်းအားလုံးထဲမှာ အလွယ်ဆုံး၊ ငွေကုန်ကြေးကျ အသက်သာဆုံးနဲ့ လူတိုင်းလက်လှမ်းအမှီဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ လမ်းလျှောက်တာကြောင့် ရရှိတဲ့ ကျန်းမာရေးကောင်းကျိုးတွေကလည်း အများကြီးပဲ မဟုတ်လား။ ခေါင်းအစ ခြေအဆုံး ကျန်းမာရေးကောင်းကျိုး ရရှိစေပါတယ်။

လေ့လာမှုတွေက ဆိုတယ်။

တစ်ပတ်မှာ အချိန် ၇၅ မိနစ်ကြာ လမ်းလျှောက်တာကြောင့် ဘဝသက်တမ်းကို နှစ်နှစ် ပိုရှည်စေပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်၊ တစ်ကြိမ်မှာ မိနစ် ၄၀ လမ်းလျှောက်တာကြောင့် မှတ်ဉာဏ်ကောင်းစေပြီး သက်ကြီးအတိတ်မေ့ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ တစ်နေ့ မိနစ် ၃၀ လမ်းလျှောက်တာက စိတ်ကျရောဂါလက္ခဏာတွေကို ၃၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ တစ်နေ့ မိနစ် ၆၀ လမ်းလျှောက်တာက အဝလွန်ရောဂါအန္တရာယ်ကို ထက်ဝက်လျော့ကျစေနိုင်ပါတယ်။ လမ်းလျှောက်တာက ကောင်းကျိုးရှိလို့ လူတိုင်းလူတိုင်း တစ်နေ့မှာ ခြေလှမ်းတစ်သောင်းပြည့်အောင် လျှောက်သင့်တယ်ဆိုပြီး လေ့လာသူတွေက အကြံပေးထားတာဖြစ်ပါတယ်။

alignnone size-medium wp-image-57942
တစ်နေ့ ခြေလှမ်းတစ်သောင်းပြည့်အောင် လမ်းလျှောက်ကြမယ်

ခြေလှမ်း ၁၀ဝ၀ဝ (တစ်သောင်း) ပြည့်အောင် လျှောက်နိုင်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ၊ ဘယ်လိုလျှောက်ရမလဲ စသဖြင့် တွေးတောစိတ်ပူမနေဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) တစ်နာရီကြာတိုင်း လှုပ်ရှားမှုလုပ်ပါ

ဆိုလိုတာက ထိုင်ချိန် တစ်နာရီကြာတိုင်း အိမ်သာသွားတာ၊ ရေသောက်တာ စတဲ့ လှုပ်ရှားမှုတွေကို လမ်းလျှောက်ပြီး လုပ်ပေးပါ။ ဒါက သင့်ကို တက်ကြွစေသလို တစ်နေ့တာ လျှောက်ရမယ့် ခြေလှမ်းတစ်သောင်းထဲမှာလည်း အကျုံးဝင်ပါတယ်။ ဒီလိုလုပ်ရင်း နေ့လယ်ပိုင်းမှာ ခြေလှမ်းငါးထောင်ခန့် လျှောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

(၂) ကားကို သွားမယ့်ပန်းတိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ပါကင်ထိုးပါ

အလုပ်သွားခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အိမ်အလည်သွားခြင်း၊ ညစာသွားစားခြင်း . .ဘာပဲလုပ်လုပ် သွားမယ့်နေရာနဲ့ ခပ်လှမ်းလှမ်းမှာ ကားပါကင်ထိုးခဲ့ပါ။ ဒါဆိုရင် အသွားအပြန် ခြေလှမ်းနှစ်ထောင်လောက် လှမ်းလျှောက်ပြီး ဖြစ်စေပါတယ်။

(၃) သူငယ်ချင်းနဲ့ အပြင်မှာ ဆုံတွေ့ပါ

သူငယ်ချင်းနဲ့ ဖုန်း၊ အွန်လိုင်းမှာ တွေ့ဆုံမယ့်အစား ကော်ဖီဆိုင်မှာဖြစ်ဖြစ် တွေ့ဆုံတာက လမ်းလျှောက်ဖြစ်စေပါတယ်။

(၄) ဓာတ်လှေကား၊ စက်လှေကားအသုံးပြုမယ့်အစား လှေကားကနေ တက်ပါ

အမြင့်ကို တက်ရတဲ့အခါမျိုးမှာ ဖြစ်နိုင်ရင် လှေကားကနေ တက်ပါ။ ဒါက ခြေလှမ်းတစ်ထောင်လောက် လှမ်းဖြစ်စေပြီး ကယ်လိုရီများများ လောင်ကျွမ်းကာ စွမ်းအင်တိုးစေမှာ ဖြစ်ပါတယ်။

(၅) ထမင်းစားပြီးတိုင်း ၁၀ မိနစ်ခန့် လမ်းလျှောက်ပါ

မနက်စာ၊ နေ့လယ်စာ၊ ညစာစားပြီးချိန်မှာ ၁၀ မိနစ်လောက် လမ်းလျှောက်ပေးတာက ခြေလှမ်းသုံးထောင်လောက် လျှောက်ဖြစ်ရာ ရောက်သလို အစာကြေစေပြီး သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top