Healthy Life Ad
Life Style

ကောက်ထားတဲ့ဆံပင် မပျက်စီးစေဖို့ ဘယ်လိုထိန်းသိမ်းရမလဲ . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

သင့်ဆံပင်ကို ဓာတုပစ္စည်းတွေသုံးပြီး ကောက်ထားတယ်ဆိုရင် ဆံပင်ပျက်စီးမှုမရှိအောင် ပြုပြင်ထိန်းသိမ်းဖို့ လိုပါတယ်။

alignnone size-medium wp-image-57769
သီးသန့်ရှမ်ပူကို သုံးပါ

ဆံပင်တွေကို ဓာတုပစ္စည်းနည်းနဲ့ အလိမ်အကောက်တွေဖြစ်အောင် ပြုပြင်ထားရင် ကောက်သားရှိတဲ့ ဆံပင်အတွက်(For Curly Hair) ထုတ်ထားတဲ့ သီးသန့်ရှမ်ပူတွေကိုသုံးပြီး ခေါင်းလျှော်သင့်ပါတယ်။ ခေါင်းလျှော်တိုင်း ကွန်ဒီရှင်နာသုံးပြီး ဆံပင်သားနူးညံ့ချောမွေ့သွားအောင် ပြုပြင်သင့်ပါတယ်။

တစ်လတစ်ကြိမ် ပေါင်းတင်ပါ

ဆံပင်ကို အနည်းဆုံး တစ်လတစ်ကြိမ် ပေါင်းတင်ပေးပါ။ ဖြစ်နိုင်ရင် သဘာဝအပင်ထွက် ပစ္စည်းတွေကိုသုံးပြီး ပေါင်းတင်ပေးသင့်ပါတယ်။

alignnone size-medium wp-image-57772
ညင်ညင်သာသာ ဘီးဖြီးပေးပါ

ကောက်နေတဲ့ ဆံပင်တွေက ဖြောင့်နေတဲ့ ဆံပင်တွေထက် ပိုမိုပျက်စီးလွယ်ပါတယ်။ အကြောင်းရင်းက ဘီးဖြီးတာနဲ့ သက်ဆိုင်နေသလို ကောက်သားပေါ်လွင်အောင် သုံးရတဲ့ ဆံပင်လိမ်းဆေးတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ကြွပ်ဆတ်ကာ ခြောက်သွေ့လွယ်ပါတယ်။ ကောက်သားရှိတဲ့ ဆံပင်တွေကို ဘီးနဲ့ခပ်ကြမ်းကြမ်း ဖြီးတာမျိုး ရှောင်ပါ။

ဆံပင်သားကို မကြာခဏ အပူမပေးပါနှင့်

ဆံပင်ကို မကြာခဏ လေမှုတ်စက်သုံးပြီး အခြောက်ခံတာက ဆံပင်သားတွေရဲ့အစိုဓာတ်ကို လျော့ပါးစေပြီး ဆံပင်ကျွတ်စေနိုင်ပါတယ်။ ဆံပင်ကောက်သားတွေကို ဆံပင်ဖြောင့်စက်ကို အပူပေးပြီး အလွန်အကျွံ သုံးတာမျိုး ရှောင်ပါ။ ဒါကြောင့် ဆံပင်ကို လေမှုတ်စက်သုံးပြီး အခြောက်ခံတဲ့အခါ အပူကို လျှော့ပေးသင့်ပါတယ်။ ဆံပင်သားက နူးညံ့ပါးလွှာလေလေ၊ အပူကြောင့် ထိခိုက်နိုင်ခြေ များလေလေ ဖြစ်တာကြောင့် ဆံပင်ကို လေမှုတ်စက်မသုံးခင်မှာ ကွန်ဒီရှင်နာ သုံးထားသင့်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပါ

ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားထက် ဆံပင်သားကို ပိုမိုထိခိုက်လွယ်စေနိုင်ပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် ဆံပင်သား ခြောက်သွေ့စေနိုင်ပါတယ်။ အထူးသဖြင့် အရောင်ဆိုးထားတဲ့ ဆံပင်သားက ပိုမိုထိခိုက်လွယ်ပါတယ်။ ဒါကြောင့် အပြင်မထွက်ခင်မှာ ဆံပင်သားကို SPF ပါတဲ့ စပရေးဖျန်းတာ ဒါမှမဟုတ် ဦးထုပ်ဆောင်းတာမျိုးနဲ့ ကာကွယ်ပေးပါ။ ဆံပင်အဖျားတွေကို မကြာခဏ တိပေးတာကြောင့် ဆံပင်သားက ကျန်းမာလှပနေသလို ထင်ရစေပါတယ်။

နောက်ထပ်ပြုပြင်မည်ဆိုလျှင် အနည်းဆုံးခြောက်လ အချိန်ယူပါ

ဆံပင်ကို တဘတ်စောင်နဲ့ ခပ်ကြမ်းကြမ်းသုတ်ပေးရင်တောင် ဆံပင်သားကို ခြောက်သွေ့ပျက်စီး စေနိုင်ပါတယ်။ ဆံပင်သားတွေက ထိခိုက်နေတယ်ထင်ရင် ဆံပင်သားကို မပြုပြင်ခင် အချိန်ယူသင့်ပါတယ်။ ပျက်စီးနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ပြီး ကျန်းမာတဲ့ ဆံပင်တွေကို ရှည်လာအောင် စောင့်ပြီးမှ ဆံပင်ကို ပြုပြင်သင့်ပါတယ်။

alignnone size-medium wp-image-57770
ဆံကေသာပျက်စီးမှုကို သတိထားပါ

ဆံပင်ကျွတ်တာ၊ ဆံပင်ကြမ်းတာ၊ ဆံပင်သားကြွပ်ဆတ်တာ စတဲ့ ဆံပင်သားရုတ်တရက် အပြောင်းအလဲဖြစ်တာက ကျန်းမာရေးပြဿနာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဆံပင်တွေက သိုင်းရွိုက်ရောဂါ၊ သံဓာတ်ချို့တဲ့မှု၊ ကိုယ်ခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေ ဖောက်ပြန်ရာက ကိုယ်တွင်းစနစ်တွေကို ပြန်တိုက်ဖျက်တဲ့ ဝေဒနာ (Autoimmune Disease)တွေကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။ ရောဂါတစ်ခုခုကြောင့် မှီဝဲနေရတဲ့ ဆေးဝါးတချို့ကလည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ဆံပင်နဲ့ ပတ်သက်ပြီး ရုတ်တရက် အပြောင်းအလဲဖြစ်တာကို သတိပြုမိရင် အရေပြားအထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဆံပင်သားကျန်းမာစေမည့် အစာများစားပါ

ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာတွေက ဆံပင်သားကို သန်စွမ်းကျန်းမာစေပါတယ်။ ဆယ်လ်မွန်ငါးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေထဲမှာပါတဲ့ ပရိုတင်းဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေက ဦးရေပြားကို ပိုမိုကျန်းမာစေပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ မုန်လာဥနီထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာလည်း ဆံပင်သားကို ကျန်းမာစေပါတယ်။ ကိုယ်အလေးချိန် အမြန်ကျစေနိုင်တဲ့ အစာတွေကို သတိထားရှောင်ပါ။ ဒီလိုအစားအသောက်တွေစားပြီး ဇင့်(သွပ်)ဓာတ်၊ ဘိုင်အိုတင်ဓာတ်နဲ့ ပရိုတင်းဓာတ် စတဲ့ အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်သားကြွပ်ဆတ်တာနဲ့ ဆံပင်ကျွတ်နှုန်း များတာတွေကို ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top