Healthy Life Ad
Q & A

ထူးထူးခြားခြား ကြုံတွေ့ရသည့် လိပ်ခေါင်းလူနာများ

—–၊ ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. ဆရာ့အတွေ့အကြုံအရ လိပ်ခေါင်းရောဂါဖြစ်တဲ့ လူနာတွေထဲက ထူးထူးခြားခြားရှိရင် ပြောပြပေးပါဦး။

A. လိပ်ခေါင်းဖြစ်ရင် ဘာမှစိုးရိမ်စရာ မလိုပါဘူး။ ခွဲစိတ်ကုသမှု ခံယူလိုက်ရင် ကောင်းသွားတာပါပဲ။ ဒါကို သက်ဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ မပြသဘဲ ဖြတ်လမ်းနည်းတွေနဲ့ ကုသတာကြောင့် စအိုတစ်ခုလုံး ပုပ်ပွပြီး ရောက်လာတဲ့ လူနာတွေ အများကြီးကို ဆရာတို့ မကြာခဏ ကြုံဖူးပါတယ်။ နယ်စွန်နယ်ဖျားက လူနာတွေတင်မက ရန်ကုန်မြို့မှာနေတဲ့ လူနာတွေတောင် ဒီလိုဖြတ်လမ်းနည်းတွေသုံးပြီး ဒီလိုဖြစ်ပြီး ဆေးရုံရောက်လာတာမျိုး ရှိပါတယ်။

နောက်ထပ် တွေ့ဖူးတဲ့ လူနာတွေကျတော့ လိပ်ခေါင်းသွေးယိုတာကို လုံးဝဂရုမစိုက်ဘဲ သွေးအားနည်းကာ ဖြူဖွေးပြီး ရောက်လာတတ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် လူတိုင်းမှာ ဟေမိုဂလိုဘင်အဆင့်က ၁၀ လောက်ရှိသင့်ပါတယ်။ ဒီလူနာတွေက ဟေမိုဂလိုဘင်အဆင့် ၄-၅ နဲ့ ဖျော့တော့ပြီး သွေးအားနည်းတဲ့အထိ ဖြစ်နေတတ်ပါတယ်။ ဒါက သွေးထွက်တာများပြီး နှလုံးအားနည်းတဲ့အဆင့်အထိ ဖြစ်နေပါတယ်။ ဒါမျိုးတွေလည်း မကြာခဏ ကြုံဖူးပါတယ်။ ဒါက လိပ်ခေါင်းကနေ သွေးက ဖြည်းဖြည်းချင်း စိမ့်ထွက်နေတာကို ပေါ့ဆလွန်းအားကြီးတာကြောင့် သွေးအားနည်းရောဂါက တအားဆိုးရွားတဲ့အဆင့် ရောက်နေတာ ဖြစ်ပါတယ်။

“လိပ်ခေါင်းက ဖြစ်လာရင် အစောပိုင်းမှာတော့ ဝမ်းမချုပ်အောင်နေ၊ ဆေးသောက်လုပ်လို့ ရပါတယ်။ ရောဂါရင့်လာရင်တော့ ခွဲကိုခွဲသင့်ပါတယ်။ တစ်ခုရှိတာက အသက်ငယ်စဉ်ကတည်းက လိပ်ခေါင်းရှိတာကို မခွဲဘဲ အသက်အရွယ်ကြီးပြီး ခွဲစိတ်မှုဒဏ်ကို မခံနိုင်တဲ့အချိန်ကျမှ ခွဲတာမျိုးကို မလုပ်သင့်ပါဘူး။”

နောက်တစ်ခုထူးခြားတာက အရေးပေါ်အခြေအနေနဲ့ ရောက်လာတဲ့ လူနာတွေဖြစ်ပါတယ်။ ဘယ်လိုဖြစ်သလဲဆိုရင် အပြင်ကို ထွက်နေတဲ့ လိပ်ခေါင်းက အထဲကို ပြန်မဝင်တော့ဘဲ ပိုးဝင်၊ ရောင်ကိုင်းပြီး သွေးဆိပ်သင့်တဲ့ အခြေအနေ(Septicaemia)နဲ့ ရောက်လာတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သွေးဆိပ်တက်ပြီး တော်တော်လေး အသက်အန္တရာယ်နဲ့ နီးကပ်မှ ရောက်လာတဲ့ လူနာမျိုးကိုလည်း တွေ့ဖူးပါတယ်။

နောက်အတွေ့အကြုံတစ်ခုက အသက် ၉၀ အရွယ် လိပ်ခေါင်းရင့်ပြီး သွေးတတောက်တောက်ကျပြီး ရောက်လာတာ၊ အသက်ကသိပ်ကြီးနေတော့ နှလုံးကလည်း အားနည်းနေပြီ။ လူကလည်း မောနေပြီ . . ဒီအချိန်မှာ ခွဲစိတ်ကုသမှုပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ မေ့ဆေးပေးဖို့ သိပ်ကိုခက်ခဲသွားပါတယ်။ ဒါကြောင့် လိပ်ခေါင်းဖြစ်ရင် အသက် ၆၀ ကျော်တဲ့အထိ မထားသင့်ပါဘူး။

လိပ်ခေါင်းက ဆရာတို့ မြန်မာလူမျိုးတွေမှာ အတော်လေး အဖြစ်များလာပါတယ်။ ဒါကို ဆေးနဲ့ကုသတာ၊ ခွဲစိတ်ကုသတာ စတဲ့ သင့်တော်တဲ့ ကုသနည်းတွေနဲ့ ကုလိုက်ရင် အဆင်ပြေပေမယ့် လူနာအများစုက ဖြတ်လမ်းနည်းတွေ၊ ကို့ရို့ကားရားနည်းတွေသုံးပြီး အတော်အခြေအနေဆိုးမှ ရောက်လာတာမျိုးတွေကို ဆရာတို့ မကြာခဏ ကြုံတွေ့နေရပါတယ်။

အခုနောက်ပိုင်း မြန်မာလူမျိုးတွေ ဝမ်းချုပ်တာ ပိုများလာတဲ့အတွက် လိပ်ခေါင်းဖြစ်နှုန်း ပိုများလာတယ်လို့ ဆရာထင်ပါတယ်။ ဆရာ့အတွေ့အကြုံအရ ကျောက်ဆည်၊ ကလေး၊ မကွေးစတဲ့ နယ်တွေမှာရော ရန်ကုန်မှာပါ လိပ်ခေါင်းဖြစ်တဲ့သူ အတော်များလာပါတယ်။ လိပ်ခေါင်းဖြစ်လို့ ဆရာတို့ဆီ လာပြပြီဆိုရင်လည်း အဆင့်တစ်၊ နှစ်ကသိပ်မရှိဘူး။ အဆင့် သုံး၊ လေး ဖြစ်ပြီး ရင့်မှ၊ သွေးထွက်များမှ လာပြကြတာ များပါတယ်။

Q. လိပ်ခေါင်းရှိသူတွေအနေနဲ့ ဘယ်လိုနေထိုင် စားသောက်မှုပုံစံကို ဆင်ခြင်သင့်ပါသလဲ ဆရာ။

A. လိပ်ခေါင်းရောဂါ ရှိတဲ့သူတွေအနေနဲ့ အပူအစပ်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်စာတွေက ဝမ်းပိုချုပ်နိုင်ပြီး ရောဂါအခြေအနေ ပိုဆိုးတတ်ပါတယ်။ ငရုတ်သီးစားရင် ဝမ်းချုပ်ပြီး ဝမ်းကိုပိုညှစ်ရတာကြောင့် ရှောင်သင့်တာပါ။ ဝမ်းမချုပ်စေဖို့နဲ့ နေ့စဉ် ဝမ်းမှန်မှန် သွားစေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ရေများများသောက်တာ၊ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံစားတာနဲ့ ဝမ်းမှန်မှန်သွားအောင် ဂရုစိုက်တာဆိုတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Lifestyle အတိုင်း နေထိုင်ဖို့ လိုပါတယ်။

လိပ်ခေါင်းက ဖြစ်လာရင် အစောပိုင်းမှာတော့ ဝမ်းမချုပ်အောင်နေ၊ ဆေးသောက်လုပ်လို့ ရပါတယ်။ ရောဂါရင့်လာရင်တော့ ခွဲကိုခွဲသင့်ပါတယ်။ တစ်ခုရှိတာက အသက်ငယ်စဉ်ကတည်းက လိပ်ခေါင်းရှိတာကို မခွဲဘဲ အသက်အရွယ်ကြီးပြီး ခွဲစိတ်မှုဒဏ်ကို မခံနိုင်တဲ့အချိန်ကျမှ ခွဲတာမျိုးကို မလုပ်သင့်ပါဘူး။ ဥပမာ- အသက် ၃၀ အရွယ်မှာ လိပ်ခေါင်းဖြစ်တယ်ဆိုရင် အသက် ၄၀လောက် လိပ်ခေါင်း အဆင့် ၃၊ ၄ လောက်ဖြစ်လာရင် ခွဲသင့်ပါတယ်။ အသက် ၇၀- ၈၀ လောက်ကျမှ ရောဂါရင့်လာလို့ ခွဲချင်တယ်ဆိုရင် ခက်သွားတယ်။ အသက်သိပ်ကြီးတဲ့အထိတော့ မထားသင့်ပါဘူး။ ကျန်းမာရေးကောင်းတုန်း၊ ခွဲစိတ်မှုဒဏ်ကို ခံနိုင်ရည်ရှိတုန်းအချိန်မှာ လိပ်ခေါင်းကို ခွဲလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top