Healthy Life Ad
Health Tips

ကလေးဝမ်းချုပ်နေလျှင်…

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ယေဘုယျအားဖြင့် ၆ လအထက် ဖြည့်စွက်စာကျွေးတဲ့ အရွယ်ကစလို့ ကလေးတွေမှာ တစ်ပတ်သုံးကြိမ်ထက် လျော့နည်းပြီး ဝမ်းသွားတာကို ဝမ်းချုပ်တယ်လို့ ခေါ်ပါတယ်။ ကလေးတွေ ဝမ်းမချုပ်စေဖို့ အာဟာရပြည့်ပြည့်ဝ၀ ကျွေးဖို့လိုသလို ကိုယ်လက်လှုပ်ရှားမှုတွေလည်း ပြုလုပ်ခိုင်းဖို့ လိုပါတယ်။

ဘာကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ရတာလဲ . . .

ကလေးအများစုမှာ ဝမ်းချုပ်တာက အစားအသောက်ကြောင့် ဖြစ်တတ်ပါတယ်။ ဆိုလိုတာက စားတဲ့အစားအသောက်မှာ ရေအလုံအလောက်မပါတာနဲ့ အမျှင်ဓာတ်မပါဝင်လို့ ဖြစ်တတ်ပါတယ်။ ရေနဲ့ အမျှင်ဓာတ်က ဝမ်းမှန်မှန်သွားစေနိုင်ပါတယ်။ အဆီများတဲ့ အဆင်သင့်အစာ (ဥပမာ-ဟမ်ဘာဂါ၊ ဆီကြော်စာ စတာတွေ)နဲ့ သကြားလုံး၊ ကွတ်ကီးမုန့်နဲ့ သကြားပါတဲ့ အချိုရည်တွေလို ပြုပြင်ထားတဲ့ အချိုသရေစာတွေကို စားတဲ့ ကလေးတွေက မကြာခဏ ဝမ်းချုပ်တတ်ပါတယ်။

သံဓာတ်ချို့တဲ့မှုကို ကုသတဲ့အခါမှာ သုံးတဲ့ဆေးတွေကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ တစ်ခါတလေ ကလေးတွေမှာ မိခင်နို့တိုက်ရာကနေ ဖော်မြူလာနို့မှုန့် ပြောင်းလိုက်တဲ့အချိန်နဲ့ ဖြည့်စွက်စာကို ပြောင်းကျွေးတဲ့အချိန်တွေမှာ ဝမ်းချုပ်တတ်ပါတယ်။

တချို့ကလေးတွေက ဝမ်းသွားချင်ရင်တောင် ကစားမက်ပြီး ဝမ်းသွားရမှာ ပျင်းနေတတ်ပါတယ်။ အခုခေတ်ဆိုရင် ဂိမ်းတွေ၊ ဖုန်းတွေဆော့ပြီး ဝမ်းသွားချင်တာကို အောင့်ထားတတ်ပါတယ်။ အဲဒီအကြောင်းကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။

စိတ်ဖိစီးမှုကြောင့်လည်း ဝမ်းချုပ်ရတတ်ပါတယ်။ ကလေးတွေက တစ်ခုခုနဲ့ပတ်သက်ပြီး ပူပန်စိတ်များတဲ့အခါ (ဥပမာ- ကျောင်းစတက်ရမှာ၊ မိဘနှစ်ပါးရန်ဖြစ်တာ) ဝမ်းချုပ်တတ်ပါတယ်။ ရှားပါးတဲ့ ဖြစ်ရပ်အနေနဲ့ ဝမ်းချုပ်တာက ကျန်းမာရေးပြဿနာတစ်ခုခုရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေးက နှစ်ပတ်-သုံးပတ်ခန့်အထိ ဝမ်းချုပ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ဝမ်းချုပ်ခြင်း လက္ခဏာများ

ကလေးတွေရဲ့ ဝမ်းသွားတဲ့အကျင့်က တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ နေ့စဉ် ဝမ်းမှန်မှန်မသွားတိုင်း ဝမ်းချုပ်တယ်လို့ ပြောလို့မရသလို တစ်နေ့သုံးကြိမ်လောက် သွားတာကိုလည်း ဝမ်းလျှောတယ်လို့ မဆိုနိုင်ပါ။ ကလေးဟာ သူဝမ်းသွားနေကျ အကြိမ်ရေထက် လျော့နည်းပြီးသွားရင်၊ အစာမစားဘဲ ဗိုက်ပြည့်နေတယ်၊ လေပွနေတယ်၊ ဗိုက်အောင့်တယ်လို့ ပြောနေရင် ဝမ်းချုပ်တာဖြစ်ပါတယ်။

သင့်ကလေး ဝမ်းချုပ်ခြင်း သက်သာစေဖို့ ဘာတွေလုပ်ဆောင်ပေးသင့်သလဲ
သင့်ကလေးကို အရည်များများတိုက်ပါ

ကလေးကို ရေနဲ့တခြားအရည်တွေ အလုံအလောက်တိုက်ကျွေးရင် ဝမ်းပျော့ပျော့ သွားနိုင်ပါတယ်။ ခုန်ပေါက်ကစားနေတဲ့ ကျောင်းသားလူငယ်တွေဆိုရင် တစ်နေ့ကို ရေသုံးဖန်ခွက် – လေးဖန်ခွက်လောက် တိုက်ဖို့လိုပါတယ်။ ကလေးက ဝမ်းချုပ်နေရင် ဆီးသီး(ဇီးသီး)ဖျော်ရည် တိုက်သင့်ပါတယ်။

အမျှင်ဓာတ် များများကျွေးပါ

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေမှာ အမျှင်ဓာတ် ပါဝင်မှုမြင့်မားတာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ အာလူးမီးဖုတ် စတာတွေကိုလည်း ကျွေးပါ။

ကလေးကို ကစားချိန်ပေးပါ

ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ကလေးတွေကို အူလှုပ်ရှားမှုကောင်းပြီး ဝမ်းမှန်မှန်သွားဖြစ်စေပါတယ်။

ပုံမှန် အစာစားချိန်ထားပါ

ကလေးတွေကို နံနက်စာစောစောကျွေးရင် အူလှုပ်ရှားမှုကို လှုံ့ဆော်ပေးနိုင်ပြီး ကျောင်းမတက်ခင်မှာ ဝမ်းသွားပါလိမ့်မယ်။

ပုံမှန်ဝမ်းသွားသော အလေ့အထရှိအောင် တိုက်တွန်းပါ

ကလေးကို နံနက်စာစားပြီးတိုင်း ဝမ်းသွားချင်စိတ် အနည်းငယ်ပေါ်တာနဲ့ အိမ်သာကြွေခွက်မှာ အနည်းဆုံး ငါးမိနစ်လောက်ထိုင်ဖို့ တိုက်တွန်းပါ။

Most Popular

Healthy Life Ad
To Top