Healthy Life Ad
Health Tips

အလင်းရောင်၏ ကျန်းမာရေးစွမ်းပကား

———၊ ငွေကြယ်စင်ယံ ၊———

ချမ်းအေးတဲ့နေ့တွေ၊ မိုးအုံ့တဲ့ရက်တွေမှာ နေ့လယ်စာစားဖို့ အပြင်ထွက်ပေးတာက သင့်ကျန်းမာရေးအတွက် ကောင်းပါတယ်။ သင့်အိမ်မှ ရုံးကို သွားချိန်မှာ ရရှိနိုင်တဲ့ အလင်းရောင်ကလည်း သင့်စိတ်ကို လန်းဆန်းစေပါတယ်။

အလင်းရောင်က ဘာကြောင့် အရေးကြီးတာလဲ။

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ အလင်းရောင်ကို မှန်ကန်တဲ့ပြင်းအား၊ တစ်နေ့တာရဲ့ သင့်တော်တဲ့အချိန်မှာ လိုအပ်နေပါတယ်။ အကြောင်းကတော့ အလင်းစွမ်းအင်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ပြောင်းလဲနိုင်လို့ပါပဲ။ နံနက်ခင်းအလင်းရောင်က ကျွန်မတို့ကို နိုးထလန်းဆန်းလာအောင် ကူညီပေးပြီး စိတ်တက်ကြွ လန်းဆန်းစေပါတယ်။ မှိန်ဖျော့တဲ့ အလင်းရောင်ကတော့ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပြီး အိပ်မောကျစေပါတယ်။

“အလင်းရောင်က ကျန်းမာရေးနဲ့ စိတ်ရွှင်လန်းမှုအတွက် အရေးပါပါတယ်။ လုံလောက်တဲ့ အလင်းရောင်ကို ရရှိတာက စိတ်လန်းဆန်းမှု၊ စိတ်ခံစားမှု၊ အလုပ်လုပ်နိုင်စွမ်း စတာတွေကို သက်ရောက်မှုရှိစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မအပေါ် များစွာသက်ရောက်စေပါတယ်”လို့ ဆာရေးတက္ကသိုလ်မှ ဒေါက်တာဗစ်တိုးရီးယားက ဆိုပါတယ်။

တက်ကြွလန်းဆန်းဖို့ အလင်းရောင် ဘယ်လောက်များများ လိုအပ်ပါသလဲ

နေ့ခင်းအချိန်မှာ ကျောင်းနဲ့အလုပ်တွေမှာ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့အတွက် အလင်းရောင်များများ လိုအပ်နေပါတယ်။ ညနေခင်းနဲ့ ညပိုင်းအချိန်တွေမှာတော့ အပန်းဖြေဖို့နဲ့ အိပ်ရာဝင်ဖို့လောက်ပဲ ရှိတော့တာကြောင့် အလင်းရောင်ကို သိပ်မလိုအပ်တော့ပါဘူး။

“နေ့ခင်းဘက်မှာ သင်က မလန်းဆန်းဘဲ နုံးနေရင် အလင်းရောင်အလုံအလောက် မရလို့ပါပဲ။ အပြင်ကို တစ်နာရီလောက် ထွက်သင့်ပါတယ်။ အကောင်းဆုံးက အပြင်ထွက်လမ်းလျှောက်ပြီး နေ့လယ်စာစားပေးတာက သင့်ကျန်းမာရေးအတွက် ကောင်းပါတယ်”လို့ အကြံပေး စူးပါဗ်လိုဗစ်ချ်က ဆိုပါတယ်။

အလင်းရောင်က နေ့ဘက်မှာ လိုအပ်ပေမယ့် အိပ်ချိန်မှာ အလင်းရောင်ကို တတ်နိုင်သမျှ ခပ်မှိန်မှိန်ပဲ ထွန်းထားသင့်ပါတယ်။ အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ တီဗီပိတ်ထားပါ။ မှောင်နေတဲ့အချိန်မှာ အိပ်စက်အနားယူတာက လင်းတဲ့အချိန်မှာ အိပ်စက်အနားယူတာထက် အိပ်စက်မှုအရည်အသွေးကို ပိုမိုကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top