—————၊ ငွေကြယ်စင်ယံ ၊—————
အစာမကြေတဲ့ ဝေဒနာက အခံရခက်တဲ့ ဝေဒနာပါ။ ရင်ပူတာနဲ့ အစာမကြေတာက မတူပါဘူး။ ရင်ပူတာက ရင်ဘတ်အလယ်နေရာမှာ ပူလောင်နာကျင်တဲ့ ခံစားချက်ကို ဖြစ်စေပြီး အစာမကြေတာက အစာစားပြီး မသက်မသာပြည့်အင့်နေတာ၊ လေပွတာ စတဲ့ဝေဒနာတွေကို ဖြစ်စေပါတယ်။ ကံကောင်းတာက အစာမကြေတဲ့ဝေဒနာကို သက်သာစေမယ့် အလွယ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (အစာအိမ်ရောဂါရှိသူတွေ မသုံးသင့်ပါ)
(၁) ဆေးဖက်ဝင်ပစ္စည်းများကို သုံးပါ
စမုန်စပါး၊ ငရုတ်ကောင်း၊ ကရဝေးစေ့၊ ပိတ်ချင်း၊ ချင်း(ဂျင်း)စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ဟင်းထဲထည့်စားပေးတာက အစာမကြေတာကို သက်သာစေပါတယ်။
(၂) အစာမစားခင် ပျားရည်နှင့် ရှလကာရည် ရောသောက်ပါ
မကြာခဏ အစာမကြေတဲ့ဝေဒနာကို ခံစားနေရရင် အစာမစားခင်မှာ ပျားရည်နဲ့ ရှလကာရည် လက်ဖက်စားဇွန်းတစ်ဇွန်းစီကို ရေနွေးတစ်ဖန်ခွက်နဲ့ရောပြီး ထမင်းမစားခင် မိနစ် ၃၀ အလိုမှာ သောက်ပေးပါ။ အစာမကြေတဲ့ ဝေဒနာကို သက်သာစေပါတယ်။
(၃) ဆော်ဒါမှုန့် စားပါ
ဆော်ဒါမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲထည့်ကာ သံပရာရည်အနည်းငယ်နဲ့ ရောပြီးသောက်ပါ။ သင့်အစာအိမ်က အက်စစ်ဓာတ်များလွန်းနေရင် ဒီအရည်က အစာအိမ်အက်စစ်တွေကို ဓာတ်ပြယ်စေပြီး လေထတာကို သက်သာစေပါတယ်။
(၄) ချင်း(ဂျင်း) စားပါ
ချင်း(ဂျင်း)ကို ပါးပါးလှီးပြီး စားတာက လေထတာနဲ့ အစာအိမ်ဝေဒနာတွေကို သက်သာစေပါတယ်။ ချင်းပါတဲ့ သကြားလုံးတွေဟာ ကလေးတွေရဲ့ အစာအိမ်ဝေဒနာအသေးအဖွဲအတွက် တကယ်ကောင်းတဲ့ ဆေးတစ်လက်ပါပဲ။
(၅) အစာကို ကြေညက်အောင် ဝါးစားပါ
ထမင်းစားတဲ့အခါမှာ ကြေညက်တဲ့အထိ ဖြည်းဖြည်းချင်းဝါးစားပေးတာက အစာမကြေတာကို သက်သာစေပါတယ်။ ဘီယာသောက်တတ်သူဖြစ်ရင် ဘီယာကို ဖန်ခွက်တစ်ဝက်လောက်ပဲ သောက်ပါ။ ဒါဟာ အစာကြေညက်အောင် လှုံ့ဆော်ပေးနိုင်ပေမယ့် ဘီယာဖန်ခွက် တစ်ဝက်ထက်ပိုများရင်တော့ အစာမကြေတဲ့ ဝေဒနာကို ပိုဆိုးစေပါတယ်။