Healthy Life Ad
Health Tips

ကျန်းမာတဲ့ ကျောက်ကပ်ကို ပိုင်ဆိုင်နိုင်စေဖို့

…………၊ ဒေါက်တာဦးလှအောင် (ဆီးနှင့်ကျောက်ကပ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) ၊…………..

Q. လူတစ်ယောက် ကျောက်ကပ်ကျန်းမာဖို့ ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆရာ။

A. လူတစ်ယောက်က ကျောက်ကပ်ကျန်းမာဖို့ဆိုရင် ပထမဆုံး ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါမဖြစ်အောင် ဂရုစိုက်ရပါမယ်။ မလိုလားအပ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ ဆေးပြင်းတွေကိုသောက်ရင် ကျောက်ကပ်ထိခိုက်နိုင်လို့ ဆင်ခြင်ရပါမယ်။ အနေအထိုင်ကတော့ လေ့ကျင့်ခန်းမှန်မှန် လုပ်ရပါမယ်။ တတ်နိုင်ရင် ဆေးလိပ်မသောက်ပါနဲ့။ အစားအသောက်မှာ အဆီများတဲ့ အစားအသောက်စားရင် သွေးကြောတွေ အဆီပိတ်မယ်၊ အချိုများတဲ့ အစားအသောက်တွေစားရင် ဆီးချိုဖြစ်မယ်၊ အငန်စားတာများရင် သွေးတိုးဖြစ်မယ်။ အဲဒီတော့ သင့်တင့်မျှတရုံစားတာ ပိုကောင်းတယ်။ အချိုလွန်ကဲတာ၊ အငံလွန်ကဲတာ၊ အဆီလွန်ကဲတာတွေကို မစားသင့်ပါဘူး။ အစားအသောက်ကို အသီးအရွက်၊ အသားငါး စသဖြင့် စုံလင်မျှတအောင် စားသောက်သင့်ပါတယ်။

Q. လေ့ကျင့်ခန်းပြုလုပ်တာက ကျောက်ကပ်ကို ဘယ်လိုအကျိုးပြုစေပါသလဲ ဆရာ။

A. လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခန္ဓာကျန်းမာရေးကို ကောင်းစေတော့ ကျောက်ကပ်ကိုလည်း ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းကို တချို့က ဗြုန်းကနဲ အလွန်အကျွံလုပ်တာရှိတယ်၊ ဒါက မကောင်းပါဘူး။ ဖြည်းဖြည်းချင်း ကိုယ်တတ်နိုင်သလောက် တိုးတိုးပြီး လုပ်သွားသင့်ပါတယ်။ ဥပမာ- လူတစ်ယောက်က ပြေးတယ်၊ တစ်ခါတည်း ဗြုန်းကနဲ အချိန်နှစ်နာရီလောက် ပြေးတာမျိုးဆို မကောင်းပါဘူး၊ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ တဖြည်းဖြည်းချင်း နာရီဝက်ပြေးမယ်၊ ၄၅ မိနစ်ပြေးမယ်၊ ပြီးမှ တစ်နာရီပြေးမယ် စသဖြင့် ဖြည်းဖြည်းချင်း တိုးသွားသင့်ပါတယ်။ တချို့က Gym ကစားတယ်၊ တစ်ခါမှမကစားဖူးဘဲ အဲဒီနေ့ကျမှ ၃ နာရီလောက် သွားကစားလိုက်တယ်။ ပြီးရင် အဲဒီမှာ ထိခိုက်မှုတွေ ဖြစ်သွားတတ်ပါတယ်။ Gym ကစားတာကို အားပေးတယ်၊ ကောင်းတယ် ဒါပေမဲ့ အချိန် ၃ နာရီ ဗြုန်းကနဲ မကစားသင့်ပါဘူး။ ဖြည်းဖြည်းချင်းတိုးပြီး ကစားသင့်ပါတယ်။

Q. ဘယ်လိုဆေးဝါးတွေက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသလဲ ဆရာ။

A. ဆေးတွေမှာ အထူးသဖြင့် အကိုက်အခဲပျောက်ဆေး အပြင်းစားတွေကို သောက်ပဲသောက်သောက်၊ ထိုးပဲထိုးထိုး ကျောက်ကပ်ကို ထိနိုင်ပါတယ်။ တခြားကျောက်ကပ်ကို ထိနိုင်တဲ့ ဆေးတွေရှိသေးတယ်။ ဆရာဝန်တွေက လိုအပ်လို့ ပေးတာကိုပဲ သောက်သင့်တယ်။ ကိုယ့်ဘာသာ မိတ်ဆွေတွေကပေးလို့ သောက်တာမျိုး မလုပ်သင့်ပါဘူး။

Q. ရေများများသောက်တာက ကျောက်ကပ်အတွက် ကောင်းတယ်လို့ ဆိုကြပါတယ်။ အဲ့ဒါ ဟုတ်ပါသလား ဆရာ။

A. ရေများများသောက်ရင် ကျောက်ကပ်အတွက် ကောင်းတယ်ဆိုတာက ရေများများသောက်ရင် ကျောက်ဖြစ်နိုင်ခြေ နည်းတယ်ပေါ့။ ဒါပေမဲ့ ကျောက်ကပ်ရောဂါရှိနေတဲ့ လူနာတွေကျရင်တော့ ရေအများကြီး သောက်လို့မရဘူး။ ဆီးသွားသလောက်ပဲ ရေသောက်လို့ရတယ်။ ကျောက်ကပ်ကောင်းနေတဲ့ လူတွေအတွက် ရေများများသောက်တာ ကောင်းပေမယ့် ကျောက်ကပ်ရောဂါရှိနေတဲ့ လူနာတွေက ရေများများသောက်လိုက်ရင် ဖောရောင်လာနိုင်တယ်။ ဒါကြောင့် ဆီးသွားသလောက်ပဲ သောက်လို့ရပါတယ်။

Q. တချို့က ကျောက်ကပ်ရောဂါဖြစ်ရင် ဆေးမြီးတိုတွေကို သောက်တတ်ကြပါတယ်။ အဲဒါက ဘာဖြစ်တတ်ပါသလဲ ဆရာ။

A. ဆေးမြီးတိုတွေ၊ အရွက်ကြိတ်သောက်တာတွေကိုတော့ ဆရာတို့ ကျောက်ကပ်ဆရာဝန်တွေက အားမပေးပါဘူး။ အစားအသောက်ဆိုတာ စုံလင်မျှတစွာ စားရတာပါ။ ဒီအရွက်တစ်မျိုးက ကောင်းတယ်ဆိုပြီး ဒီအရွက်တစ်မျိုးကိုပဲ ကြိတ်ပြီး နေ့တိုင်းသောက်နေလို့ ကျန်းမာရေးမျှတမှု မရှိနိုင်ပါဘူး။ မလိုအပ်ဘဲနဲ့ အင်္ဂလိပ်ဆေး၊ ဗမာဆေး၊ တရုတ်ဆေး ဘာဆေးကိုမှ မသောက်သင့်ပါဘူး။ မလိုအပ်ရင် မသောက်တာ အကောင်းဆုံးပါ။

Most Popular

Healthy Life Ad
To Top