Healthy Life Ad
Health Tips

ဘဝများစွာကို ဖျက်ဆီးပစ်နိုင်သည့် ဆေးလိပ်

——၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——-

တစ်နေ့ ကျွန်မအလုပ်ကနေ အိမ်ကိုပြန်အရောက်. . ကျွန်မမိခင်က သတင်းတစ်ခုကို ပြောပြပါတယ်။ ကျွန်မတို့အိမ်ဘေးက ဦးလေးကြီး ဦးတင့်မှာ ခြေထောက်ကို ပေါင်ရင်းနေရာကနေ ဖြတ်ပစ်လိုက်ရပြီဆိုတဲ့ သတင်းပါ။ အဲဒီသတင်းကို ကြားပြီးပြီးချင်း ကျွန်မလွန်စွာ အံ့အားလည်းသင့်၊ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘာကြောင့် ခြေထောက်ကို ဖြတ်ပစ်လိုက်ရတာလဲဆိုတဲ့ ကျွန်မမေးခွန်းကို ကျွန်မမိခင်က စီးကရက်သောက်လို့ပေါ့ သမီးရယ်လို့ အဖြေစကားကြောင့် နားလည်သွားမိပါတယ်။ ကျွန်မစိတ်ထဲလည်း စီးကရက်ကို အတော်လေး နာကြဉ်းမိသလို ဖြစ်မိပါတယ်။ ဦးလေးဦးတင့်ဟာ စိတ်ကောင်းရှိသူ တစ်ဦးပါ။ ကျွန်မတို့ကလေးဘဝကတည်းက ခင်မင်ခဲ့ရတဲ့ ဦးလေးတစ်ဦးဖြစ်သလို အိမ်နီးချင်း မိတ်ဆွေကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ခပ်အေးအေးနေတတ်သူ တစ်ဦးဖြစ်သလို သူ့ဇနီး၊ သားသမီးတွေအပေါ်မှာလည်း ချစ်ခင်ကြင်နာမှုအပြည့်နဲ့ စောင့်ရှောက်တတ်သူပါ။ ဒါပေမဲ့ စီးကရက်ကို မကြာခဏ သောက်တတ်သူတစ်ဦးဖြစ်ပြီး မျက်ကွင်းတွေညိုညိုလာတာကိုတော့ သတိထားမိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ ကျန်းမာရေးထိခိုက်နေမှန်း ကျွန်မမသိခဲ့ပါ။ ကျွန်မအလုပ်တွေ များနေတာကြောင့် ဦးတင့် အကြီးအကျယ် နေမကောင်းဖြစ်တာကိုတောင် မသိခဲ့မိပေ။

မင်္ဂလာဈေးထဲမှာ ဆိုင်ခန်းငှားပြီး အထည်ရောင်းသူဦးတင့်မှာ ဆိုင်ကိုဦးစီးပြီး ဆက်လက်မလုပ်နိုင်တော့ကြောင်း ကျွန်မမိခင်က ရှင်းပြပါတယ်။ ကလေးတွေက လေးယောက်၊ ကျောင်းတက်နေကြဆဲ အရွယ်လေးတွေ၊ ဇနီးဖြစ်သူတစ်ဦးတည်း ဆိုင်မှာဦးစီးပြီး ရောင်းမယ်ဆိုရင် အဆင်ပြေပါ့မလား၊ ခြေတစ်ဖက်မရှိတော့တဲ့ ဦးလေးဦးတင့်ကို ဘယ်သူကပြုစုမလဲ . . စတဲ့အတွေးတွေကို တွေးမိနေစဉ် “ဦးတင့်စိတ်ဓာတ်အကြီးအကျယ်ကျနေတယ်” ဆိုတဲ့ ကျွန်မမိခင်ရဲ့ စကားအဆုံးမှာ သက်ပြင်းလေးကြီးကိုပဲ ချမိပါတော့တယ်။ တကယ်တော့ ဘယ်သူမပြုမိမိမှုပဲ မဟုတ်ပါလား။ ကျွန်မစိတ်ထဲမှာ ဦးလေးဦးတင့်အကြောင်းနဲ့ စပ်ဆက်ပြီး လူတွေရဲ့ဘဝတွေကို ဖျက်ဆီးပစ်နိုင်တဲ့ စီးကရက်အကြောင်းကိုပဲ တွေးတောမိပါတော့တယ်။

“ခြေတစ်ဖက်မရှိတော့တဲ့ ဦးလေးဦးတင့်ကို ဘယ်သူကပြုစုမလဲ . . စတဲ့ အတွေးတွေကို တွေးမိနေစဉ် “ဦးတင့်စိတ်ဓာတ်အကြီးအကျယ်ကျနေတယ်” ဆိုတဲ့ ကျွန်မမိခင်ရဲ့ စကားအဆုံးမှာ သက်ပြင်းလေးကြီးကိုပဲ ချမိပါတော့တယ်။ တကယ်တော့ ဘယ်သူမပြု မိမိမှုပဲမဟုတ်ပါလား။ ကျွန်မစိတ်ထဲမှာ” . . .

စီးကရက်မှာ ဓာတုပစ္စည်းပေါင်း လေးထောင်ကျော် ပါဝင်ပြီး အနည်းဆုံး အဆိပ်ရှိတဲ့ ဓာတ်ပစ္စည်း ၄၀ဝ ကျော် ပါဝင်နေပါတယ်။ တကယ်လို့ လူတစ်ယောက်က တစ်နေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို ငါးကြိမ်တိုင်တိုင်စားသုံးပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်နေတယ်ဆိုရင်တောင် ဆေးလိပ်သောက်လိုက်ပြီဆိုတာနဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို ကောင်းကောင်းမွန်မွန် ရရှိနိုင်ဖို့ မလွယ်တော့ပါဘူး။ “ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်” ဆိုတဲ့ မက်ဆေ့ချ်ဟာ ဟောင်းပေမယ့် လူတိုင်းအလေးထားရမယ့် အချက်ပါပဲ။ စီးကရက်သောက်တာကြောင့် နှလုံးရောဂါအမောဖောက်(Heart Attack) သေဆုံးကြသူတွေလည်း မနည်းလှပါဘူး။ ဦးလေးဦးတင့်လိုပဲ ခြေထောက်ဖြတ်ပြီး ဒုက္ခိတဘဝမျိုးနဲ့ တစ်သက်လုံး နေသွားရသူတွေလည်း မနည်းလှပါဘူး။ အဆုတ်ကင်ဆာရောဂါဖြစ်၊ ချောင်းတဟွတ်ဟွတ်နဲ့ ဘဝကို ဇာတ်မြှုပ်သွားရသူတွေလည်း အများကြီးပါ။ ဒါကြောင့် ဆေးလိပ်သောက်နေသူတွေအားလုံးကို ဆေးလိပ်ဖြတ်ဖို့ ကျွန်မနေနဲ့ အကြံပြုလိုပါတယ်။


ဘာကြောင့် ဆေးလိပ်ကို ဖြတ်သင့်တာလဲ

ဆေးလိပ်သောက်တာကြောင့် အဆုတ်ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ လူတိုင်းလိုလို သိကြပါတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာအပြင် တခြားကင်ဆာရောဂါအများစုနဲ့ ရောဂါဝေဒနာပေါင်းများစွာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ယူကေရဲ့ စစ်တမ်းအရ တစ်နှစ်မှာ ဆေးလိပ်ကြောင့် သေဆုံးသူလူဦးရေက တစ်သိန်းကျော်ရှိနေတာကို တွေ့ရပါတယ်။ သေဆုံးသူတွေအနက် လေးသောင်းကျော်က ဆေးလိပ်သောက်တာနဲ့ ဆက်စပ်တဲ့ ကင်ဆာရောဂါ ဖြစ်နေကြပြီး သုံးသောင်းကျော်က နှလုံးသွေးကြောကျဉ်းရောဂါကြောင့် သေဆုံးရကာ နှစ်သောင်းကိုးထောင်ကျော်က နာတာရှည်အဆုတ်ပွ ပန်းနာအပါအဝင် အဆုတ်ရောဂါတွေကြောင့် သေဆုံးရတာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဆေးလိပ်က ကျန်းမာရေးကို ဘယ်လိုထိခိုက်စေပါသလဲ

ဆေးလိပ်သောက်တာကြောင့် နှလုံးသွေးကြောတွေကို ထိခိုက်စေကာ နှလုံးနဲ့ သွေးလှည့်ပတ်မှုစနစ် တစ်ခုလုံးကို ရောဂါရစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် နှလုံးသွေးကြောကျဉ်းတာနဲ့ ဆက်စပ်ပြီး သွေးလှည့်ပတ်မှုမကောင်းတာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ စီးကရက်မှာ ဓာတုပစ္စည်းတွေ အမြောက်အများ ပါဝင်နေပါတယ်။ စီးကရက်ကို မီးရှို့လိုက်တဲ့အခါမှာ ဆေးရွက်ကြီးမှ အဆိပ်ငွေ့များစွာ ထွက်ရှိလာစေပါတယ်။ လောင်ကျွမ်းနေတဲ့ စီးကရက်ကို ရှူရှိုက်လိုက်တဲ့အခါမှာ ကျန်းမာရေးကို အထိခိုက်စေနိုင်ဆုံး အရာတွေ ထွက်ရှိလာတတ်ပါတယ်။ အဲဒါတွေကတော့ . .

• Tar ဒြပ်ပေါင်း (ကင်ဆာဖြစ်စေနိုင်တဲ့အရာ ဖြစ်ပါတယ်။)

• နီကိုတင်း (နီကိုတင်းဟာ စွဲလမ်းမှုကိုဖြစ်စေပြီး ခန္ဓာကိုယ်ထဲက ကိုလက်စထရောအဆင့်ကို မြင့်တက်စေနိုင်ပါတယ်။)

• ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ (ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ဟာ ခန္ဓာကိုယ်ထဲက အောက်ဆီဂျင်အဆင့်ကို လျော့ကျစေပါတယ်။)

• ဓာတ်ငွေ့ထဲက ပါဝင်ပစ္စည်းတွေ (နာတာရှည် အဆုတ်ပွပန်းနာရောဂါကို ဖြစ်စေနိုင်ပါတယ်။)

• ဆေးလိပ်သောက်တာကြောင့် ကျန်းမာရေးထိခိုက်မှုဟာ အောက်ပါအခြေအနေတွေကြောင့် ပိုဆိုးစေနိုင်ပါတယ်။

• သောက်သုံးတဲ့ စီးကရက်အရေအတွက်၊

• စီးကရက်မှာ အစီခံတစ်ခုပါသလား၊ မပါဘူးလား၊

• ဆေးရွက်ကြီးကို ဘယ်လိုပြင်ဆင်ထားသလဲ စတဲ့အချက်တွေနဲ့ ဆက်စပ်နေပါတယ်။

• ဆေးလိပ်သောက်တာက လူတွေရဲ့ ဘဝသက်တမ်းကို ပျမ်းမျှအားဖြင့် ၇-၈ နှစ်လောက် လျော့ကျစေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

Did You Know?

ပျမ်းမျှအားဖြင့် စီးကရက်တစ်လိပ် သောက်တိုင်း၊ သောက်တိုင်း ဆေးလိပ်သောက်သူရဲ့ ဘဝသက်တမ်းကို အချိန် ၁၁ မိနစ်လောက် လျော့ကျစေတယ်ဆိုတာ သင်သိပါရဲ့လား။

ယူကေမှာ တစ်နေ့ကို လူငယ် ၃၀ဝ ခန့်ဟာ ဆေးလိပ်သောက်တာကြောင့် သေဆုံးနေကြပါတယ်။ အသက် ၇၀ အောက် အရွယ်ရှိသူတွေကလည်း ဆေးလိပ်သောက်တာကြောင့် ရောဂါတွေရပြီး သေဆုံးနှုန်းဟာ ရင်သားကင်ဆာ၊ AIDS၊ ယာဉ်မတော်တဆထိခိုက်မှုနဲ့ မူးယစ်ဆေးစွဲလမ်းတာ စတဲ့ ရောဂါတွေကြောင့် သေဆုံးတာထက်ပိုများကြောင်း စစ်တမ်းတွေအရ သိရပါတယ်။ လူအများစုမှာဖြစ်တဲ့ ရောဂါအများစုဟာ ဆေးလိပ်သောက်တာကြောင့် ဖြစ်တတ်ပါတယ်။ ဆေးလိပ်မသောက်သူတွေနဲ့ ဆေးလိပ်ဖြတ်ထားသူတွေကလည်း ဆေးလိပ်သောက်သူတွေထက် သက်ရှည်ကျန်းမာတဲ့ ဘဝကို ရရှိကြပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသွေးကြောကျဉ်းရောဂါဟာ ဆေးလိပ်သောက်တာကြောင့် သေဆုံးမှုဖြစ်ရတဲ့ အဓိက အကြောင်းရင်းတစ်ခုပါ။ ဆေးလိပ်သောက်တာက သွေးပြန်ကြောတွေ မာကြောကျဉ်းမြောင်းတဲ့ ဖြစ်စဉ်ကို မြန်စေပြီး သွေးခဲပိတ်ဆို့မှုကို နှစ်ဆ-လေးဆလောက် တိုးစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေမှာ နှလုံးသွေးကြောကျဉ်းရောဂါ အဖြစ်များရတာပါ။

“ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်” ဆိုတဲ့ မက်ဆေ့ချ်ဟာ ဟောင်းပေမယ့် လူတိုင်းအလေးထားရမယ့် အချက်ပါပဲ။ စီးကရက်သောက်တာကြောင့် နှလုံးရောဂါအမောဖောက်(Heart Attackရပြီး) သေဆုံးကြသူတွေလည်း မနည်းလှပါဘူး။

နှလုံးနှင့် ဦးနှောက်ထိခိုက်မှုကြောင့် သေစေနိုင်သောရောဂါများ

နှလုံးနဲ့ ဦးနှောက်ထဲမှာ သွေးခဲဖတ်တွေ ပိတ်ဆို့တာက ရုတ်တရက်သေဆုံးစေနိုင်တဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

(၁) နှလုံးကို ထောက်ပံ့သော သွေးကြောများထဲတွင် သွေးခဲပိတ်ဆို့ခြင်း

နှလုံးကို ထောက်ပံ့နေတဲ့ သွေးကြောတွေ ရုတ်တရက်ပိတ်ဆို့မှုဖြစ်ပါက နှလုံးရောဂါထတာကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သူရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးမှာ အဖြစ်များပါတယ်။

(၂) ဦးနှောက်ဆီသို့သွားသော သွေးကြောများပိတ်ဆို့ခြင်း

ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေက ဆေးလိပ်သောက်တာကြောင့် ပိတ်ဆို့မှုဖြစ်စေနိုင်ပြီး လေဖြတ်တာနဲ့ အကြောသေတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ဆီကို သွေးထောက်ပံ့မှု ထိခိုက်ရင် အသက်ကြီးချိန်မှာ သူငယ်ပြန်တဲ့ စိတ်ရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်ရှိ သွေးပြန်ကြောတွေ ထိခိုက်မှုဖြစ်ရင် သွေးတိုးတာနဲ့ ကျောက်ကပ်ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ခြေထောက်ကိုထောက်ပံ့တဲ့ သွေးကြောတွေ ပိတ်ဆို့ရင် ခြေထောက်ပုပ်တာနဲ့ ခြေထောက်ဖြတ်ရတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် နှလုံးကိုထောက်ပံ့တဲ့ သွေးကြောပိတ်ဆို့မှု ဖြစ်နိုင်ခြေက ၁၀ နှစ်ပိုစောတတ်ပါတယ်။

ကင်ဆာရောဂါ

ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ အထူးသဖြင့် အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ခံတွင်းကင်ဆာတွေက ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပြီး ဆေးလိပ်မသောက်သူတွေမှာ ဖြစ်ခဲပါတယ်။ အဆုတ်ကင်ဆာဖြစ်တာရဲ့ ၉၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်တာကြောင့် ဖြစ်ရတာပါ။ ဆေးလိပ်မသောက်ဘဲ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ရှိပေမယ့်လည်း လူဦးရေရဲ့ ဝ ဒသမ ၅ ရာခိုင်နှုန်းကသာ ဆေးလိပ်တစ်ခါမှ မသောက်ဖူးဘဲ အဆုတ်ကင်ဆာ ဖြစ်တတ်တာမျိုးပါ။

ဆေးလိပ်ကို အသင့်အတင့်သောက်တတ်သူ ၁၀ ဦးအနက် တစ်ဦးနှုန်းနဲ့ ဆေးလိပ်ကို အလွန်အမင်းသောက်တတ်သူ (တစ်နေ့ စီးကရက် ၁၅ လိပ်နဲ့အထက်သောက်သူ) ငါးဦးအနက် တစ်ဦးနှုန်းဟာ အဆုတ်ကင်ဆာနဲ့ သေဆုံးနိုင်ခြေရှိပါတယ်။ တစ်နေ့မှာသောက်တဲ့ စီးကရက်အရေအတွက်က ပိုများလေလေ၊ ဆေးလိပ်သောက်တဲ့ သက်တမ်းက ကြာမြင့်လေလေ၊ အဆုတ်ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ် မြင့်တက်လေလေ ဖြစ်ပါတယ်။ အလားတူ ဆေးလိပ်သောက်တဲ့အခါ အဆုတ်ထဲအထိရောက်အောင် ရှူရှိုက်မှုက ပြင်းထန်လေလေ ကျန်းမာရေးထိခိုက်မှုက ပိုဖြစ်နိုင်ခြေလေလေပဲ ဖြစ်ပါတယ်။ သင်က ဆေးလိပ်သောက်ရင် ခံတွင်းကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်က ဆေးလိပ်မသောက်သူတွေထက် လေးဆလောက် ပိုများပါတယ်။ ခံတွင်းရဲ့ နေရာအတော်များများမှာ ကင်ဆာဟာ စတင်ဖြစ်နိုင်ခြေရှိပြီး လျှာအောက်နဲ့ နှုတ်ခမ်းပေါ်မှာလည်း ကင်ဆာဖြစ်နိုင်ပါတယ်။


ဆေးလိပ်သောက်သူတွေမှာ ပိုပြီးအဖြစ်များတဲ့ တခြားကင်ဆာအမျိုးအစားတွေကတော့-
– ဆီးအိတ်ကင်ဆာ၊
– အစာရေမျိုပြွန်ကင်ဆာ၊
– ကျောက်ကပ်တွေမှာဖြစ်တဲ့ ကင်ဆာ၊
– ပန်ကရိယကင်ဆာ၊
– သားအိမ်ခေါင်းကင်ဆာတို့ပဲ ဖြစ်ကြပါတယ်။

အဆုတ်ပွပန်းနာ(COPD)

နာတာရှည်အဆုတ်ပွပန်းနာ(COPD)ဟာ ဆေးလိပ်သောက်တာကြောင့် အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး ဒီရောဂါကြောင့် အသက်ရှူရခက်ခဲတာကို ပိုဖြစ်စေနိုင်ပါတယ်။

နာတာရှည်အဆုတ်ရောဂါတွေက အဆုတ်တစ်သျှူးထဲမှာ လေဝင်တာ(Emphysema)နဲ့ နာတာရှည် လေပြွန်ရောင်ရမ်းတာတို့ပဲ ဖြစ်ကြပါတယ်။ အဆုတ်တစ်သျှူးထဲ လေဝင်ရင် အဆုတ်ရှိလေအိတ်ငယ်တွေ ပေါက်ကွဲထွက်တာကြောင့် အသက်ရှူခက်တာနဲ့ ရောဂါပိုးဝင်လွယ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ နာတာရှည်လေပြွန်ရောင်ရမ်းရင် အချွဲတွေပိတ်ပြီး ချောင်းဆိုးတာတွေ ဖြစ်တတ်ကာ အနည်းဆုံး သုံးလလောက်အထိ ချောင်းဆိုးနေတတ်ပါတယ်။ အဆုတ်ပွပန်းနာရောဂါက အသက် ၃၅ နှစ်နဲ့ ၄၅ နှစ်ကြားအရွယ်မှာ စတင်ဖြစ်တတ်ပြီး အဆုတ်ရဲ့ လုပ်ငန်းဆောင်တာက စတင်ကျဆင်းလာတတ်ပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်က အဆုတ်ပွပန်းနာ အဖြစ်များတတ်ပါတယ်။ အဆုတ်ပွပန်းနာကြောင့် အဆုတ်ထိခိုက်မှု ဖြစ်သွားချိန်မှာ ဆေးလိပ်ကိုဖြတ်မယ်ဆိုရင် အဆုတ်ရဲ့စွမ်းအင် ကျတဲ့နှုန်းက လျော့ကျသွားနိုင်ပါတယ်။ ဆေးလိပ်သောက်ရင် အဆုတ်ရဲ့လုပ်ငန်းဆောင်တာက ပုံမှန်လုပ်ငန်းဆောင်တာထက် သုံးဆလောက် ပိုလျော့ကျမှုရှိပါတယ်။ အဆုတ်ရဲ့လုပ်ငန်းဆောင်တာ လျော့ကျတာကြောင့် အသက်ရှူလို့မရတာမျိုး ဖြစ်တတ်ပါတယ်။

ပန်းသေခြင်း

ဆေးလိပ်သောက်တာကြောင့် အမျိုးသားတွေဟာ အသက် ၃၀ နဲ့ ၄၀ အရွယ်တွေမှာ ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top